(004SS)
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို နယူးဒေလီရောက် မြန်မာစစ်ဘေးဒုက္ခသည်များက ပြင်းပြင်းထန်ထန် ဆန္ဒပြဆန့်ကျင်ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရထံသို့ တရားဝင် ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း နယူးဒေလီအခြေစိုက် “Burma House-New Delhi” အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
“ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၊ အတုအယောင်ရွေးကောက်ပွဲများ ဖန်တီးကာ နိုင်ငံတော်သမ္မတရာထူးကို မတရားရယူ ထားသည့် စစ်ကောင်စီခေါင်းဆောင်၏ ပထမဆုံးသော နိုင်ငံတကာခရီးစဉ်ကို မိမိတို့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံနိုင် ပါသဖြင့် လူထုအင်အားအပြည့်ဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆန္ဒပြပွဲကို မနက်ဖြန် မေလ ၂၈ ရက်နေ့တွင် နယူးဒေလီမြို့ Jantra Manta ပန်းခြံမှာ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ် ကြမည်ဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင်လည်း မြန်မာသံရုံးရှေ့မှာ ထပ်မံပြုလုပ်ရန် စီစဉ်ထားကြသည်။
စစ်ခေါင်းဆောင်၏ မတရားဖိနှိပ် ရက်စက်မှုများကြောင့် မိခင်နိုင်ငံကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံတွင် စစ်ဘေးဒုက္ခသည်အဖြစ် ခက်ခဲပင်ပန်းစွာ ရပ်တည်နေရသော်လည်း၊ နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် မိမိတို့ တတ်နိုင်သည့် ကဏ္ဍမှနေ၍ အမြဲတစေ တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ဒုက္ခသည်များက ဆိုသည်။
ထို့ကြောင့် အဆိုပါ ဆန့်ကျင်ကန့်ကွက်ပွဲ အစီအစဉ်များတွင် နယူးဒေလီရောက် မိဘပြည်သူများ ပူးပေါင်းပါဝင်ပေးကြ ရန်နှင့် တော်လှန်ရေးအရှိန်အဟုန် ပိုမိုအားကောင်းလာစေရန်အတွက် ပြည်တွင်း/ပြည်ပရှိ မြန်မာသတင်းမီဒီယာများ အနေဖြင့်လည်း ယင်းလှုပ်ရှားမှုကို ဝိုင်းဝန်းသတင်းဖော်ပြပေးကြပါရန် Burma House-New Delhi အဖွဲ့က အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည်။
အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် မိမိကိုယ်ကိုသမ္မတအဖြစ် ခန့်အပ်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် မေလ ၃၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ရောက်ရှိလာမည်ဟု အိန္ဒိယသတင်းများတွင်ဖော်ပြကြသည်။ ယင်းသည် သမ္မတရာထူးရယူပြီးနောက် မင်းအောင်လှိုင်၏ ပထမဦးဆုံးသော ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
Photo- AFP

