Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”
ပုံစာ - ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းကို သိမ်းပိုက်အပြီး တွေ့မြင်ရသည့် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီ

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

0
By Editor on May 16, 2025 Featured

(006SV)

ချင်းတော်လှန်ရေး အင်အားစု ချင်းညီနောင်အဖွဲ့ကို ဖွဲ့စည်းပြီး တနှစ်ကျော်အကြာမှာ ဧပြီလကုန်ပိုင်းက ချင်းပြည်နယ်ရဲ့ လွတ် မြောက်နယ်မြေ တနေရာမှာ ချင်းညီနောင်အဖွဲ့ဝင်ခေါင်းဆောင်တွေ မြေပြင်ဆွေးနွေးမှုတရပ်ကို ကျင်းပပြီး အနာဂါတ် စစ်ရေး၊ နိုင်ငံရေး အပါအဝင် ကျယ်ပြန့်တဲ့ သဘောတူဆုံးဖြတ်ချက်အသစ်တွေကို မေလ ၁၁ ရက်မှာ တရားဝင်ကြေညာပါတယ်။

စစ်ရေးမှာ ချင်းပြည်နဲ့ ချင်းတမျိုးသားလုံးကို ကာကွယ်ပေးမယ့် One Army ဖြစ်စေမယ့်တပ်မတော်တစ်ရပ် (Standard Army) ဖွဲ့စည်းဖို့ အခြေခံမှုတွေ ချမှတ်ခဲ့သလို နိုင်ငံရေးမှာလည်း ICNCC လမ်းကြောင်းကနေ ချင်းအစိုးရဖွဲ့စည်းနိုင်ရေး ချင်းချာတာကို ပြန်သုံးသပ်နေပြီဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမဟာမိတ်ဆက်ဆံရေးအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး စတဲ့ မူဝါဒတွေ ရေးဆွဲဖို့ အခြေခံ သဘောတူညီချက်တွေလည်း ချမှတ်နိုင်ခဲ့ပြီလို့ ချင်းညီနောင်က ကြေညာပါတယ်။

ချင်းညီနောင်အဖွဲ့ထဲမှာ CDF – Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF၊ PDF – Zoland ၊ CDF – Matupi ၊ CDF – Kanpetlet နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်ပါတယ်။

ချင်းညီနောင်ရဲ့ အနာဂါတ်မှာ လုပ်ဆောင်မယ့် အကြောင်းချင်းရာတွေနဲ့ ပတ်သက်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF နဲ့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ချင်းညီနောင်အဖွဲ့ဝင်တွေ ပေါင်းပြီးတော့ ချင်းပြည်နဲ့ ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်တဲ့ တပ်မတော် တစ်ရပ်ကို တိုးမြှင့် ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုဖွဲ့စည်းသွားမှာလဲ။

ဖြေ – ကျနော်တို့ ချင်းညီနောင် စတင်ဖွဲ့စည်းတဲ့အခါမှာ အဓိက စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုပြီးတော့ ဆွေးနွေးတဲ့ဟာတွေ ရှိပါတယ်။ နိုင်ငံရေးအရ ICNCC လမ်းကြောင်းကနေ သွားပြီးတော့ စစ်ရေးမှာ ချင်းညီနောင်ဆိုပြီး ဖွဲ့စည်းပြီးတော့ ကျနော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့ One Command ၊ One Army တစ်စုတစ်စည်းထဲ သွားနိုင်ဖို့ဆိုတဲ့ဟာ သဘောထား ချမှတ်ထားတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ဒီတစ်နှစ်တာ ကာလမှာ စစ်ရေး ဖော်ဆောင်မှုတွေ လုပ်တယ်။ အဲဒီနောက်ပိုင်း အခုချိန်မှာဆိုရင်လည်း One Army အနေနဲ့ သွားနိုင်ဖို့ ဆိုပြီး လုပ်ငန်းတွေ ချမှတ်ထားတာ ရှိပါတယ်။

မေး – အဲဒီလို One Army ဘာကြောင့် ဖွဲ့စည်းရပါသလဲ။

ဖြေ – အဓိက ကျနော်တို့က One Army အနေနဲ့ သွားနိုင်ဖို့က ကျနော်တို့ရဲ့ ချင်းညီနောင်အဖွဲ့အစည်းမှာ ၆ ဖွဲ့ ရှိပါတယ်။ အဲဒီ ၆ ဖွဲ့ စလုံးက ကိုယ့်ရဲ့ မိခင်တပ်ဖွဲ့မှာ ကျစ်ကျစ်လစ်လစ်နဲ့ Command နဲ့ Control ကောင်းကောင်းလေးနဲ့ အဓိကက Chain of Command ပေါ့။ စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်း ကို တည်ဆောက်နိုင်အောင် အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်။ အဲဒီလို Chain of Command ကောင်းကောင်း သွားနိုင်ဖို့က သင်တန်းက အရမ်းအရေးကြီးပါတယ်။ အခုချိန်ကနေ စပြီးတော့ ချင်းညီနောင်အဖွဲ့မှာ ပါတဲ့သူ၊ အားလုံးက တူညီတဲ့ သင်တန်း သင်ခန်းစာတွေ၊ တူညီတဲ့ သင်တန်းကြာချိန်တွေ၊ ၄ လလား၊ ၆ လားပေါ့။ အားလုံး တစ်စု တစ်စည်းထဲ သွားနိုင်ဖို့က တူညီတဲ့အရာတွေ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ စစ်တိုက်မယ်ဆိုရင်လည်း တူညီတဲ့ Command လိုတယ်။ နောက်ပြီးတော့ ဥပမာတစ်ခု ပြောရရင် အလေးပြုတာ အချင်းချင်းက တစ်ဖွဲ့နဲ့ တစ်ဖွဲ့က မတူကြဘူး။ ဘာလို့လည်းဆိုတော့ သင်တန်းက မတူကြဘူး။ တချို့က KIA မှာ တက်တဲ့ လူရှိတယ်။ တချို့က CNF မှာ တက်တဲ့ လူရှိတယ်။ တချို့က ရက္ခိုင့်တပ်တော် AA ဆီမှာ တက်တာ ရှိတယ်။ အကုန်လုံး မတူညီတဲ့ ဟာတွေကို တူညီအောင် ကျနော်တို့ သင်တန်းကနေ စပြီးတော့ တူညီတဲ့ သင်တန်းစာ Course ၊ တူညီတဲ့ သင်တန်းဆရာ အဲလိုပုံစံနဲ့ သွားဖို့ရန်အတွက် ပြင်ဆင်နေပါတယ်။

မေး – တပ်မတော်တစ်ရပ်အဆင့် တိုးမြှင့်ဖွဲ့စည်းမယ်ဆိုတာက အရင်က CJDC နဲ့ ဘယ်လိုကွာခြားပါသလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ – ကျနော်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်က One Army သွားဖို့ရန်အတွက် ဖြစ်မယ်။ အဲဒီမှာ မေးထားသလိုပဲ CJDC နဲ့ ဘာကွာသလဲဆိုတော့ CJDC ကတော့ ချင်းပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင်အားလုံး လျော့ရိလျော့ရဲ (loosely) မဟာမိတ်စုဖွဲ့တဲ့ ကော်မတီ တခုဖြစ်တယ်။ လျော့လျော့ရဲရဲနဲ့ ပူးပေါင်းကြတယ်။ မူဝါဒတွေကလည်း လျော့လျော့ရဲရဲ ဖြစ်တယ်။ ဒါပေမယ့် အခု ကျနော်တို့ CB စတင်ပေါ်လာတဲ့အခါမှာ စစ်ရေးဆိုင်ရာမှာ အဖွဲ့က ၆ ဖွဲ့ ရှိတဲ့အခါမှာ Command (အမိန့်) က ၆ ခုရှိတယ်ပေါ့လေ။ ဒါပေမယ့် အဲဒီ ၆ ခုစလုံးကို ကျနော်တို့က စစ်ရေးကော်မတီမှာ ပြန်ပြီးတော့မှ Joint ပုံစံနဲ့ သွားပြီးမှ CB အတွက် စစ်ဦးစီးချုပ် တဦးကိုလည်း ထားတယ်။ Joint Commander ပေါ့လေနော်။ ဒါမှမဟုတ် Joint Chief Of Staff တစ်ခုကို ထားထားပါတယ်။ ဆိုတော့ ဒါပေမယ့် အခုအတွေ့အကြုံအရ သွားတဲ့အခါမှာ တချို့စစ်ပွဲတွေမှာ၊ တချို့ အခန်းကဏ္ဍတွေမှာ One Command အနေနဲ့ သွားဖို့ လိုအပ်တဲ့ဟာတွေက အများကြီး ရှိနေတယ်။ မဟာမိတ်ပုံစံနဲ့ ဥပမာအနေနဲ့ မြောက်ပိုင်းညီနောင် ၃ ဖော်ဆိုတာ ရှိတယ်လေ။ အဲဒီဟာတွေက စစ်ရေးအရ ပူးပေါင်းကြတဲ့ အဖွဲ့တွေ ဖြစ်တယ်။ ကျနော်တို့က အဲဒီဟာထက် ပိုပြီးတော့ နက်ရှိုင်းတဲ့ ဆက်ဆံမှုနဲ့ ဆက်ဆံပြီးတော့ CB အတွင်းထဲမှာ One Army အနေနဲ့ သွားနိုင်ဖို့ လုပ်နေတာ ဖြစ်တယ်။ ဆိုတော့ CJDC ကတော့ စောစောက ပြောသလို loosely လျော့လျော့ရဲရဲ့ alliance (မဟာမိတ်ပူးပေါင်းခြင်း) လုပ်ထားပြီးတော့ ချင်းပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင်တွေကို စုစည်းထားတာ ဖြစ်တယ်။ အခု ကျနော်တို့ CB လုပ်ချင်တဲ့ ဟာကတော့ တကယ့် One အနေနဲ့ သွားနိုင်ဖို့ ဆောင်ရွက်တယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်တဲ့အခါမှာ အချိန်ကာလအတိုင်းအတာကတော့ အများကြီး လိုမယ်။ ကိုယ်ရဲ့ အတွင်းထဲမှာ ပြင်ဆင်စရာတွေ ၊ နောက်ပြီးတော့ ကိုယ့်ရဲ့အတွင်းထဲမှာ ပြောင်းလဲရမယ့်အရာတွေ အများကြီးရှိတယ်။ တပ်စု၊ တပ်စိပ် ဖွဲ့စည်းပုံက အစ၊ Army တည်ဆောက်ပုံက အစ ၊ ချင်းညီနောင်အဖွဲ့ထဲမှာ အားလုံးက တူညီနေဖို့ လိုအပ်တယ်။ ဒီဟာတွေကို ကျနော်တို့ မူတွေ ချထားတယ်။ ဒီဟာတွေကိုလည်း တည်ဆောက်ပုံ Structure တွေကိုလည်း ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီကနေ တာဝန်ယူပြီးမှ ရေးဆွဲဖို့ရန်အတွက် ကျနော်တို့ လုပ်ထားတဲ့ဟာတွေ ရှိပါတယ်။

မေး – ချင်းပြည်အစိုးရ ပေါ်ပေါက်လာရေးက ချင်းညီနောင် TOR အတိုင်း ဆက်လက်အကောင်အထည် ဖော်နေတယ်ဆိုတော့ အခုက ဘယ်အတိုင်းအတာအထိ အောင်မြင်နေပါပြီလဲ။

ဖြေ – ချင်းပြည်အစိုးရ ဖွဲ့စည်းဖို့ကတော့ လိုအပ်တဲ့ ကျနော်တို့ရဲ့ ချင်းချာတာကိုလည်း ပြန်သုံးသပ်မှုတွေ လုပ်ဖို့ ဆွေးနွေးထားတာလည်း ရှိပါတယ်။ ICNCC မှာ Draft (မူကြမ်း) တော့ ထွက်လာပြီ။ အဲဒါကို ချင်းညီနောင်ရဲ့ သဘောထား ပြန်ပြီးတော့ review လုပ်ဖို့ ဒီဟာကို အဖွဲ့အစည်းတခုကနေ လူပုဂ္ဂိုလ် ၂ ဦးစီဆိုပြီး ကိုယ်စားလှယ် လွှတ်ပြီးမှ ချင်းပြည်အစိုးရ ပေါ်ပေါက်လာဖို့ လိုအပ်တဲ့ ချင်းချာတာကိုလည်း ပြန်ပြင်ဆင်နေတဲ့ အခြေအနေမှာ ရှိပါတယ်။

မေး – ချင်းညီနောင်အနေနဲ့ ဘာ‌တွေ ဆက်လုပ်ဖို့ ရှိမယ်လဲ။

ဖြေ – ချင်းညီနောင်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ အဓိက ဖြစ်တဲ့ စစ်ရေးပိုင်းဆိုင်ရာမှာ ဆိုရင် ချင်းပြည်တခွင် စကစ ကင်းစင် ဆိုတဲ့အတိုင်း ကျနော်တို့ ဆောင်ရွက်နေတဲ့ အချိန်ကာလ ဖြစ်တယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ ဥပမာ – မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံဆိုပြီးတော သတ်မှတ်ထားပါတယ်။ အဲဒီနေရာတွေမှာ အခုက တီးတိန်တခုထဲပဲ စကစ ကျန်တော့တယ်။ တခြားအကုန်လုံးက စစ်ရေးအရ ကျနော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်တဲ့အခါမှာ အောင်မြင်တယ်။ ဒါက စစ်ရေးဆိုင်ရာမှာ အောင်မြင်တဲ့ အချက်တွေ ဖြစ်တယ်။ အဲဒီလို စစ်ရေး ဆိုင်ရာမှာ အောင်မြင်မှုတွေ လိုအပ်သလို၊ တဖက်ကနေလည်း နိုင်ငံရေးပိုင်းမှာ တပြေးညီ သွားဖို့ လိုတယ်။ စောစောက ပြောတဲ့ ချင်းချာတာတွေကိုလည်း ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်။ နောက်ပြီးတော့ တော်လှန်ရေးက ၄ နှစ်တာ ကြာလာတဲ့အခါ ကြတော့ ပြည်သူ့ ဝန်ဆောင်မှုက ပြည်သူတွေ တော်တော်လေး ခက်ခဲတဲ့ အခြေအနေမှာ ရှိတယ်။ မြို့သိမ်းစစ်ပွဲတွေ ကျနော်တို့ ဆောင်ရွက် တဲ့အခါမှာ မြို့မှာ နေတဲ့ လူတွေက ကျေးရွာတွေမှာ ၊ တောရွာတွေမှာ၊ တောင်ယာတွေမှာ နေရတယ်။ ဆိုတော့ သူတို့ရဲ့ လူသားချင်ထောက်ထားမှုဆိုင်ရာတွေကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်သွားဖို့ ရှိမယ်။ ကျနော်တို့ကို ကူညီမယ့် သူ၊ ကျနော်တို့ကို ထောက်ပံ့မယ့် သူ ဘယ်အဖွဲ့အစည်းနဲ့ မဆို ၊ ကျနော်တို့ တွေ့ဆုံပြီးတော့ အတူတကွ လက်တွဲသွားဖို့ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ဝန်ဆောင်မှု အပိုင်းတွေကိုလည်း ဆက်လက်ပြီးတော့ ဒီထက်မက လုပ်ဖို့ရန်အတွက်လည်း ဆွေးနွေးထားတာ ရှိပါတယ်။

မေး – ချင်းညီနောင်အနေနဲ့ ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာက ဘယ်လိုအခြေခံ သဘောထားတွေ ရှိပါသလဲခင်ဗျာ။

ဖြေ – မဟာမိတ်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ကိုယ်ရဲ့ ချင်းအိမ်နီးနားချင်းတွေနဲ့ ကျနော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖော်ဆောင်သွားဖို့ ရှိတယ်။ ရန်သူ နည်းနိုင်သမျှ နည်းပြီးမှ ၊ ကိုယ့်ရန်သူတောင်မှ မိတ်ဆွေဖြစ်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ပြောချင်တာက ရန်သူကို နည်းနိုင် သမျှ နည်းမယ်၊ မိတ်ဆွေ ကောင်းတွေ များနိုင်သမျှ များမယ်ဆိုတဲ့ မူဝါဒနဲ့ ကျနော်တို့ သွားပါတယ်။ မဟာမိတ်ဆက်ဆံရေးမှာလည်း စစ်ရေးဆိုင်ရာနဲ့ ပူးပေါင်းတဲ့ မဟာမိတ်တွေ ရှိသလို၊ တဖက်ကနေ လည်း လိုချင်တဲ့ အရာကတော့ Win – Win situation (သူသာ – ကိုယ်သာ ဆက်ဆံမှု အခြေအနေ) မျိုး သွားဖို့ ရှိမယ်။ ချင်းက အိန္ဒိယနဲ့လည်း နယ်နိမိတ် ချိတ်ဆက်တယ်။ ရခိုင်၊ စစ်ကိုင်း နဲ့ မကွေးနဲ့လည်း နယ်နိမိတ်ခြင်း ချိတ်ဆက်တဲ့အခါမှာ ပြည်သူဝန် ဆောင်မှု ပိုင်းမှာ လိုအပ်တဲ့ ဆေးဝါး၊ ပြီးတော့ စီးပွားရေးပိုင်းဆိုင်ရာ ဒီဟာတွေ အကုန်လုံးက ကျနော်တို့ အိမ်နီးနားချင်းတွေနဲ့ သဟဇာတရှိစွာ နေထိုင်နိုင်ဖို့ လိုပါတယ်။ ဒီဟာတွေနဲ့ ချင်းပြည်ရဲ့ အနာဂါတ်၊ ချင်းပြည်နယ်ကောင်းစား ဖို့အတွက် ရန်သူ၊ နည်းနိုင်သမျှ နည်းပြီးတော့ နှစ်ဦး နှစ်ဖက်က သူသာ – ကိုယ်သာ အခြေအနေမျိုး ပူးပေါင်းမှုနဲ့ ဆက်လက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

မေး – ဒီထုတ်ပြန်ချက်က ချင်းညီနောင်ဟာ အစိုးရနဲ့ တပ်မတော် တရပ်ကို အောင်မြင်စွာ ဖွဲ့စည်းထူထောင်ပြီး တရားဝင်မှု ရှိစွာနဲ့ လည်ပတ်နိုင်ရေးကို လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်။ ဒီလိုဆိုရင် CC ချင်းလဲန်းကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ပေါင်းစည်းမှုတွေက ဘယ်လိုအခြေအနေ ရှိနေပါသလဲခင်ဗျာ။

ဖြေ – ချင်းလဲန်းကောင်စီနဲ့ရော ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့တွေ ရှိပါတယ်။ အခုကတော့ third party အနေနဲ့ မီဇိုရမ်အစိုးရလို့ပဲ ပြောရမှာပေါ့ သူတို့ရဲ့ လုပ်ဆောင်မှုကြောင့် CNC (ချင်းအမျိုးသားကောင်စီ) ဆိုတဲ့ လမ်းကြောင်းကလည်း ရှိတယ်။ လမ်းကြောင်းရှိရင်တော့ ကျနော်တို့ process (လုပ်ငန်းစဉ်) ကတော့ နှေးတာ၊ မြန်တာပဲ ရှိမယ်။ အဲဒါကတော့ ဆက်လက်ပြီးတော့ ကျနော်တို့က ငြိမ်းချမ်းရေးကို လိုလာတယ်။ ကျနော်တို့ ဘယ်လောက်ပဲ စစ်ရေးပိုင်းဆိုင်ရာ အောင်မြင်၊ အောင်မြင် ။ ဘယ်လောက်ပဲ နိုင်ငံရေးပိုင်းဆိုင်ရာမှာ အောင်မြင်ခဲ့ရင်တောင်မှ ကျနော်တို့ ချင်းပြည်အတွင်းမှာ နှစ်ခြမ်းကွဲနေတာတို့ ၊ စည်းလုံးညီညွတ်မှု မရှိတာက တဖက်ကနေ အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး။ ဒီဟာတွေကိုလည်း ကျနော်တို့ ဘက်ကနေ ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့လေ။ ဆက်လက်ပြီးတော့ သွားဖို့ရန် ပြင်လည်း ပြင်ဆင်ထားပါတယ်။ ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားမှာပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.