(004SS)
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ဘေး ရှောင်ပြည်သူများပြန်လာရန် ဖိတ်ခေါ်တိုက်တွန်းမှုများပြုလုပ်နေသော်လည်း လက်တွေ့တွင်မူ နေရပ်ပြန်သွားသောပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခံရခြင်းနှင့် အကြောင်းရင်းမသိ သေဆုံးခြင်းဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွါးလာနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က ဖလမ်းမြို့၊ Vankau ရပ်ကွက်ရှိ RC ဘုရားကျောင်းအနီးတွင် ပျောက်ဆုံးနေသည့် ခရိုင်ပညာရေးရုံးဝန်ထမ်း Pu Pate ၏ ရုပ်အလောင်းကို နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရကြောင်း သေဆုံးသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“စကစတွေ လက်ချက်ပဲ ဖြစ်ရမယ်။ ဘာလိုလဲဆိုတော့ သူ့ဆိုင်ကယ်ကို စကစတွေက ချောဆွဲတယ်။ အဲဒီနေ့ကတည်းက သူ့ကိုမတွေ့တော့တာ။ သူပျောက်ဆုံးသွားလို့ လိုက်ရှာနေခဲ့ကြတာ။ ၁၀ ရက်အကြာမှပဲ သူ့ရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့ ရတာဖြစ်ပါတယ်။ သူ့ရဲ့ဇနီးကွယ်လွန်သွားတာလည်း သိပ်မကြာသေးဘူး။ လက်ရှိ ဖလမ်းမြို့ရဲ့ အခြေအနေကတော့ တဖြည်းဖြည်းနဲ့ ဆိုးရွား လာနေတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ရုပ်အလောင်း တွေ့ရှိသည့်နေရာပတ်ဝန်းကျင်သည် စစ်တပ်များ တပ်စွဲထားသည့်နေရာနှင့် နီးကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဆုမ်ဟရန် ကျေးရွာမှ ညီအစ်ကိုနှစ်ဦးသည် စစ်ဘေးရှောင်ရာမှ ရွာသို့ ပြန်လာပြီး ကျန်ရှိနေသော အိမ်သုံးပစ္စည်းများကို သွားရောက်ယူဆောင်စဉ် တလန်ဇာရ် ရွာနှင့် တာလ် ရွာအကြားတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
အဆိုပါ ညီအစ်ကိုနှစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့ပြီးနောက် အစ်ကိုဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဦးကျော်ထွန်းအောင်မှာ ခြေထောက်၊ ရင်ဘတ်နှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် ၃ ချက်တိတိ ပစ်သတ်ခံရပြီး နေရာ၌ပင် ပွဲချင်းသေဆုံးခဲ့သည်။
နှိပ်စက်ခံရ၍ ဒဏ်ရာပြင်းထန်စွာဖြင့် လွတ်မြောက်လာသည့် ညီဖြစ်သူမှာလည်း ဖလမ်းမြို့အဝင် စက်သုံးဆီဆိုင်အနီးတွင် လဲကျသွားခဲ့သဖြင့် လက်ရှိတွင် ဖလမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ဆိုသည်။
“စကစက ဖလမ်းကို ပြန်ထိန်းချုပ်ပြီးတော့ နေရပ်ပြန်လာတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးတယ်။ စိတ်ထဲ တစ်မျိုးပဲ။ စကစက နေရပ်ပြန်ဖို့ဆိုပြီး ဖိတ်ခေါ်တယ်၊ တစ်ဖက်မှာလဲ သူတို့ရှိတော့ တိုက်ပွဲကြောင့်သေဆုံးတာမဟုတ်ဘဲ သတ်ဖြတ်ခံရလို့ သေဆုံးတာရော၊ ဘာကြောင့်မှန်းမသိ သေဆုံးတာရော ရှိတော့ စိုးရိမ်စရာပဲ” ဟု စစ်ဘေးရှောင် ဖလမ်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လကလည်း အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါဒါရ်ဘက်မှ ဖလမ်းမြို့သို့ နေရပ်ပြန်လာသည့် ကျောင်းဆရာ U Kim Za Piang သည် ဇွန်လ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် သေဆုံးနေခဲ့ သည်ကို ဒေသခံများက တွေ့ရှိခဲ့ကြသည်။
သေဆုံးရသည့်အကြောင်းအရင်းကိုမူ မသိရဘဲ ၎င်း၏ဇာတိရွာသို့ ပို့ဆောင်သဂြိုလ်ခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဖလမ်းမြို့ကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်ပြီးနောက် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ရာနှင့်ချီ၍ ဖလမ်းမြို့သို့ ပြန်လည်အခြေချလာကြပြီး၊ ဇွန်လ ၁ ရက်နေ့မှ စ၍ ရုံးများနှင့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဖလမ်းမြို့ပေါ်နှင့် ဖလမ်း-ဟားခါး လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များ၌ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ဆက်တိုက်ကျူးလွန်နေသဖြင့် ဒေသခံပြည်သူများနှင့် နေရပ် ပြန်စစ်ဘေးရှောင်များအကြား စိုးရိမ်ထိတ်လန့်မှုများ အလွန်မြင့်တက်နေကြောင်း သိရသည်။

