(006SV)
ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ စာသင်ကျောင်းများအနေဖြင့် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပညာရေးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်နေလျှင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြေညာသည်။
ချင်းပြည်(Chinland) အစိုးရ၊ ချင်းပညာရေးဝန်ကြီးဌာန၏ လက်အောက်ခံ ကျောင်းများကို အာဏာသိမ်းစစ်တပ်အစိုးရ၏ လက်အောက်ခံ စာသင်ကျောင်းများနှင့် ချိတ်ဆက်ရန် အဓိက မြှူဆွယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခြင်း ခံနေရသည်ဟု ချင်းပညာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်သည်။
“ပြည်သူလူထုအနေဖြင့် ဤလုပ်ရပ်များကို နားမယောင်မိစေဘဲ တော်လှန်ပြည်သူပီပီ ပြတ်ပြတ်သားသား ပြန်လည်တုန့်ပြန်ရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟု ချင်းပညာရေးဝန်ကြီးဌာနက ဆိုသည်။
စစ်အုပ်စု၏ လိမ်လည်လှည့်ဖြားခြင်း၊ မြှူဆွယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို နားယောင်ပြီး အာဏာသိမ်း စစ်တပ်အစိုးရ၏ လက်အောက်ခံ စာသင်ကျောင်းများ၊ ရုံးများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းများ ရှိပါက အပြင်းအထန် အရေးယူသွားမည်ဖြစ်သည်။
ချင်းပြည်အတွင်း ပြည်သူများအနေဖြင့် စစ်အုပ်စုလက်အောက်ခံ စာသင်ကျောင်းများ၊ ရုံးများနှင့် လုံးဝချိတ်ဆက် ဆောင်ရွက်ခြင်း မပြုရန်နှင့် ချိတ်ဆက် ဆောင်ရွက်မှု ရှိပါက အမြန်ဆုံး ရပ်တန့်ရန် ချင်းပညာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် သတိပေး ထားသည်။
စစ်တပ်သည် ပြည်သူများအကြား တရားဝင်မှု ရရှိရေးအတွက်း နည်းမျိုးစုံဖြင့် ကြုးစားလျက်ရှိပြီး မိမိတို့ တော်လှန်ရေး တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများကို လိမ်လည်လှည့်ဖြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ မြှူဆွယ်ခြင်းများဖြင့် အာဏာရှင်များ၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်တွင် စာသင်ကျောင်းများကို CDMer ဆရာ၊ ဆရာမများနှင့် လူထုပူးပေါင်းပြီး ကိုယ်ထူကိုယ်ထဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အခက်အခဲများနှင့် စိန်ခေါ်မှုများထဲမှ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် ယနေ့အထိ ဆက်လက်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်းများစွာကို ပညာသင် ကြားပေးလျက်ရှိသည်ဟု သိရသည်။
ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် အနစ်နာခံပေးဆပ်သူများ၊ ဆရာ/မများနှင့် မိဘပြည်သူများကို လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ချင်းပညာရေးဝန်ကြီးဌာနက ဆိုသည်။
စစ်တပ်၏ အုပ်ချုပ်မှု ယန္တရားနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေသော ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းများနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ချင်းပြည်ပညာရေးစီဒီအမ်အဖွဲ့က စက်တင်ဘာလ ၂၁ ရက်မှာလည်း ထုတ်ပြန်ထားသည်။
တဖက်တွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့်၊ လုံခြုံရေးနှင့် ပညာရေးအခွင့်အရေးများကို ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန် တောင်းဆိုထားပြီး ပဋိပက္ခအခြေအနေများအတွင်း ကျောင်းများနှင့် ပညာရေးဝန်ထမ်းများ လုံခြုံရေးသည် အရေးကြီးကြောင်း ကုလသမဂ္ဂကို ကိုးကား၍ ချင်းပြည်ပညာရေး စီဒီအမ်ထံမှ သိရသည်။

