(004SS)
ချင်းပြည်နယ် ဟားခါးမြို့လယ်ခေါင်တွင် ယမန်နေ့ စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်ပစ်ခတ်မှု ကြောင့် ဝမ်းဗိုက်တွင် ပြင်းထန်ဒါဏ်ရာရရှိသူ ချင်းလူငယ်အမျိုးသားတစ်ဦး သေဆုံးသွားပြီဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“မနေ့ညကတည်းက ဆုံးသွားပြီ။ သူဆေးရုံရောက်တော့ ညနေ ၅ နာရီဝန်းလောက်ဖြစ်မယ် အသက်ရှိသေးတယ်။ ဒါပေမဲ့ အောက်စီဂျင်လယ်ဗဲလ်ကတော့ တော်တော်ကျသွားပြီလို့ သိရတယ်။ ခွဲစိတ်ခန်းထဲ ပို့တယ်လို့လဲကြားတယ် ဒါပေမဲ့ ကုသမှု ပိုင်းက ဘယ်လိုရှိလဲတော့ အတိအကျမသိဘူး။ သူ့ရဲ့ အလောင်းကို အခုလေးတင် (၁၂:၀၀) ဝန်းကျင် ရွာကိုပို့ဆောင်ပေးကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မနက်ပိုင်းတွင် ဟားခါးမြို့လမ်းဆုံ၊ နာရီစင်အနီးရှိ လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုပြု လုပ်နေသော စစ်ကော်မီရှင်တပ်က Surngen ရွာသား အသက် ၃၀ အရွယ် ဆလိုင်းပါးဆန်းကို သေနတ်ဖြင့် လှမ်းပစ် ခတ်ရာမှာ ဝမ်းဗိုက်တွင် ပြင်းထန်ဒါဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်ပြီးနောက် သေနတ်မှန်ပြီး လဲကျသွားသူ ဆလိုင်းပါးဆန်းကို စစ်ကော်မရှင်တပ်က ချက်ချင်းဆေးရုံမပို့ဘဲ ရိုက်နှက်ကာ ခေါင်းကို သေနတ်နှင့်ရိုက်နှက်ကာ တစ်ကိုယ်လုံး ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီး၊ နောက်ကျမှ ဆေးရုံပို့ ဆောင်ခဲ့ခြင်းဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဆလိုင်းပါးဆန်း ပစ်ခတ်ခံရချိန်တွင် လမ်းသွားလမ်းလာ ကျောင်းသူ ၂ ဦးကိုလဲ ခြေထောက်တွင် ထိမှန်ပြီး ဆေးရုံတွင် ကုသမှုခံယူပြီးနောက် အသက်အန္တရယ်မစိုးရိမ်ရတာကြောင့် အိမ်ပြန်ပို့ခဲ့ကြသည်။
လက်ရှိဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်သည် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။