Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

0
By Editor on August 2, 2025 Featured

Salai Vakok ရေးသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်အာဏာသိမ်း ၄ နှစ်ခွဲကျော်ကာလကို ပထမစာမျက်နှာလို့ ခေါ်ဆိုပြီး ဒုတိယစာမျက်နှာကို စတင်လိုက်ပြီလို့ ကြွေးကြော်ပြီးနောက်မှာ စစ်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ အမည်နာမတမျိုးဖြင့် ခြေလှမ်းစတင်ခဲ့သည်။

ဇူလိုင်လ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးကို ကျင်းပ၍ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးပါ ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြ၍ စစ်ကောင်စီကို ပယ်ဖျက်ခဲ့ ခြင်းဖြစ်သည်။

ယင်းကာ/လုံအစည်းအဝေးမှာပင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး တို့အတွက် လိုအပ်သော လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဥက္ကဌ တာဝန်ယူ၍ ဖွဲ့စည်းလိုက်သည်။

ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ နိုင်ငံရေးပါတီများအဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် စစ်ကောင်စီက ယမန်နေ့ ကာ/လုံအစည်းအဝေးတွင် ထပ်မံကြေညာသည်။

စစ်တပ် ကျင်းပမည် ရွေးကောက်ပွဲသည် ချင်းပြည်နယ်တွင် ဟားခါးနှင့် တီတိန်မြို့ပေါ်မှာသာ ကျင်းပနိုင်ပြီး ယင်းရွေးကောက်ပွဲ ကိုလည်း လုံးဝ လက်ခံမည် မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“နဂိုကတည်းက စကစက ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုပါဘူး။ တဖက်သတ် သူရဲ့ မြန်မာ့နိုင်ငံရေးမှာ ရေရှည်ရပ်တည်နိုင်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် လုံးဝလက်မခံဘူးဆိုတာ ကျနော်တို့ တလျှောက်လုံး ပြောနေတာဖြစ်တယ်။ အခုလည်း ပြောထားတဲ့အတိုင်း ချင်းတောင်မှာတော့ ဒီရွေးကောက်ပွဲအောင်မြင်ဖို့ဆိုရင် လုပ်လာနိုင်မှာက ဟားခါးနဲ့ တီးတိန်မြို့ ပေါ်လောက်ပဲ လုပ်နိုင်မှာပေါ့နော်။ တခြားဒေသမှာက အခုနေတိုင်းဆိုရင် လုပ်လာနိုင်စရာ မရှိဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲ ဆိုတာ ချင်းပြည်သူတွေအတွက် အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းနိုင်ငံရေးပါတီများ၊ ခေါင်းဆောင်များအနေဖြင့် စစ်တပ်ဦးဆောင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်ကောင်စီကို ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးနေသော လုပ်ရပ်ဖြစ်ကြောင်း၊ ဖြစ်လာမည့် အကျိုးဆက်ကို ၎င်းတို့သာ တာဝန်ခံရမည်ဖြစ်ကြောင်း ဆလိုင်းထက်နီက အသိပေးသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် ချင်းပါတီတချို့ကို ပါတီတည်ထောင်ခွင့် ခွင့်ပြုလိုက်ပြီး တချို့ကို စိစစ်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်ကို စစ်ကောင်စီ ကင်းစင်ရေး လုပ်ဆောင်မည်ဟူ၍ ချင်းတော်လှန်ရေး အင်အားစုများက ကြေညာထားချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကို ချင်းပြည်နယ်မှာလည်း ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည်။

ယမန်နေ့က ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်အစိုးရအဖွဲ့တွင် ယာယီသမ္မတရာထူးနှင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးများကို ဆက်လက်ယူထားပြီး စစ်အစိုးရအဖွဲ့ကို ဦးဆောင်ရန် ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး ဟောင်း ညိုစောကို တာဝန်ပေးခြင်း၊ အစိုးရအဖွဲ့နှင့် တိုင်းနှင့်ပြည်နယ်များကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကာ/လုံ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းတို့ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့သော ချင်းနိုင်ငံရေးသမား ဒေါက်တာမှုထန်ကိုလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွေ့ခန့်ထားသည်။

တိုင်းနှင့်ပြည်နယ် စစ်အစိုးရအဖွဲ့များကို ပြန်လည်ဖွဲ့စည်းရာတွင် ချင်းပြည်နယ်မှာ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဝုန်ဆွန်းထန် ကို ဆက်လက်ခန့်အပ်သည်။

ယာယီသမ္မတရာထူး မိမိကိုယ်ကိုပေးအပ်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တော်လှန်ရေး အင်အားစု များ သိမ်းပိုက်ထိန်းချုပ်ထားသော နိုင်ငံတဝန်းက မြို့ပေါင်း ၆၀ ကျော်ကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီး ယင်းအနက် ချင်းအင်အားစုများ သိမ်းပိုက်ထားသည့် မြို့နယ် ၇ ခု ပါဝင်သည်၊၊

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုတည်ရှိရာ ဟားခါးနှင့် တီတိန်မှ လွဲ၍ ကျန်မြို့နယ် ၇ ခုဖြစ်သည့် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်း၊ တွန်းဇံ နဲ့ ထန်တလန်မြို့ နယ်တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြစ်သည်။

ချင်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ဆုံးရှုံးထားသော နယ်မြေများ ပြန်လည်း ရရှိရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ရွေးကောက်ပွဲအတွက် ထိုးစစ်များ ဆင်လာနိုင်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အထူးအထွေတော့ သက်ရောက်မှု ရှိလာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အခု စကစက စစ်အုပ်ချုပ်ရေး ကြေညာတဲ့ ၇ မြို့နယ်က ယခင်ကတည်းကိုက စစ်အုပ်ချုပ်ရေးနဲ့ သွားနေတဲ့ ဟာကို ပြန်လည်အသစ်သွင်းတာပါပဲ။ အခု ၇ မြို့နယ်မှာ စစ်ကောင်စီက မရှိတော့ဘူး။ ဆိုတော့ သူမရှိတော့တဲ့ နေရာကို စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတာက လက်တွေ့မကျဘူး။ ဒါပေမယ့် သူက သူရဲ့ ရွေးကောက်ပွဲအတွက် သူဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည် ရရှိဖို့အတွက် အဲဒီလို စစ်အုပ်ချုပ်ရေး ကြေညာပြီးတော့မှ အဲဒီလို ထိုးစစ်တွေတော့ ဆင်လာနိုင်တယ်။ အဓိက စစ်ရေးကိုပဲ အသားပေးပြီး လုပ်လာနိုင်တဲ့ သဘောတော့ ရှိတယ်။ နိုင်ငံရေးအရ ဖြစ်ဖြစ်၊ နယ်မြေစိုးမိုးမှုအရ ဖြစ်ဖြစ် အဲဒီဒေသတွေမှာလည်း စစ်ကောင်စီစခန်းတွေ တစ်ခုမှ မရှိတော့ဘူးဆိုတော့ အဲဒီလိုစစ်ရေးနဲ့ပဲ အဲဒီလို လုပ်လာနိုင်တဲ့ သဘောရှိပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်အာဏာသိမ်းမှု ၄ နှစ်ခွဲကျော်ကာလတွင် စစ်တပ်က ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်လာခြင်းသည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ် အမြဲတမ်းပါဝင်လာရေးကို လုပ်ဆောင်နေခြင်းဖြစ်ပြီး တိုင်းပြည်ကို ကျဆုံးနိုင်ငံအဖြစ် တွန်းပို့နေသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“အဓိကက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်အမြဲတမ်းပါဝင်ရေးဆိုတာ စစ်တပ်ရဲ့ သဘောထားဖြစ်တယ်၊၊ ခံယူချက် ဖြစ်တယ်။ အဲဒါကို ကျနော်တို့က ဆန့်ကျင်ပြီးတော့ တိုက်ပွဲဝင်နေတာ။ အခုလည်း သူ လုပ်စရာ ရှိတာ ဆက်လုပ်နေမှာပဲ။ ဒါကတော့ မထူးဆန်းဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်က ကျနော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးတို့ ဘာတို့ တရားဥပဒေစိုးမိုးရေးတို့ ဖြစ်လာနိုင်စရာတော့ မရှိဘူး။ ဒါပေမယ့် သူကတော့ ရေရှည်ရပ်တည်ရေးအတွက် လုပ်နေတာဖြစ်တယ်။ အဲဒါကြောင့် အခု စကစ လုပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ရပ်မှန်သမျှကတော့ ကျနော်တို့က အမြဲတမ်း ဆန့်ကျင်နေတာဖြစ်ပါတယ်။ သူ ဘာပဲ လုပ်လုပ် ဒါဟာ နိုင်ငံရေးအရှုပ်အရှင်းနဲ့ ဒီတိုင်းပြည်ကို ကျဆုံးနိုင်ငံအဖြစ်ကို တွန်းပို့နေတာဖြစ်တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းအရေးတက်ကြွလှုပ်ရှားသူ တဦးကတော့ စစ်ကောင်စီ၏ လက်ရှိပြင်ဆင်လာမှုနှင့်ပတ်သက်၍ ချင်းတော်လှန်ရေးအင် အားစုများအနေဖြင့် ဘယ်လိုရင်ဆိုင်ကြမည်ကို ပူးပေါင်းဆွေးနွေး ဆောင်ရွက်သင့်ပြီဟု သတိပေးသည်။

ချင်းတော်လှန်ရေးအချင်းချင်းကြား အဖွဲ့များကွဲပြီး အပြန်အလှန်ပစ်ခတ်နေမှုများကို ရပ်တန့်ပြီး အချင်းချင်း ကျောချင်းကပ်၍ အတူတူရင်ဆိုင်ဖြတ်သန်းရမည့် အချိန်ရောက်ပြီဟု ၎င်းက ပြောသည်။

“လက်ရှိအခင်းအကျင်းမှာ ချင်းမှာ စိုးမိုးနယ်မြေတွေ ရှိတယ်လို့ ပြောလို့ ရပေမယ့် တစ်ဖက်မှာက ချင်းက လုံးဝ အစည်းပြေတဲ့ သဘောမျိုးဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတော့ တကယ်လို့ ဒီအခင်းအကျင်းတိုင်သာ ဆက်လုပ်မယ်ဆိုရင် ချင်းအနေနဲ့ ဘယ်လို တုန့်ပြန်ကြမလဲဆိုတဲ့ ကိစ္စက ခေါင်းဆောင်တွေ ဒီအချိန်မှာ ခေါင်းချင်းတိုက်၊ ကျောချင်းကပ်ပြီး ဆွေးနွေးရမယ့် ကာလဖြစ်တယ်။ ကျနော်တို့ အချင်းချင်း ရန်ဖြစ်ဖို့ အချိန်မရှိဘူး။ ညီအစ်ကိုချင်းချင်းကြားမှာ သွေးထွက်သံယိုဖြစ်ကြတဲ့အထိ ဖြစ်လို့ မရဘူး။ ဒီကာလမှာ ဒီဟာတွေကို သေချာ ဆွေးနွေးကြဖို့ ပြင်ဆင်ကြဖို့ အချိန်ရောက်ပြီ။ အဲဒီအတွက်ကို အားစိုက်ကြဖို့ ပြောချင်ပါတယ်” ဟု ချင်းအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက သတိပေးအကြံပြုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.