(004SS)
ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်ဇန်းကျေးရွာအနီးတွင် စစ်ဘေးရှောင်များ သယ်ဆောင်လာသော ပေါင်မုန့်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦး ပွဲချင်းသေဆုံးပြီး ကလေး ၅ ဦးအပါအ၀င် ယာဉ်ပေါ်စီးနှင်းပါလာသူများ အားလုံးလည်း ထိခိုက်ဒါဏ်ရာရရှိ ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့်ပြည်သူများအား တင်ဆောင်သော မော်တော်ယာဉ်သည် တီးတိန်မြို့အကျော် လမ်ဇန်းကျေးရွာအနီးမှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ကားက ပေါင်မုန့်ကားပေါ့နော် ကျမမြင်တုန်းက အရှိန်တော်တော်ပြင်းတယ်၊ အရှိန်မထိန်းနိုင်လို့ဖြစ်မယ်၊ အဲလိုနဲ့ ကျမတို့ရွာ UPC ဘုရားကျောင်းအောက်ကို ထိုးဆင်းသွားတာ။ ကျတဲ့နေရာက ပေ ၂၀-၃၀ လောက်မှာ ရှိမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကားမတော်တဆမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ပွဲချင်းသေဆုံးသွားကာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသော်လည်း လမ်ဇန်း ZYA မှ ရုပ်အလောင်းထားရှိရန် အခေါင်းပြင်ဆင်ပေးကြောင်း သိရသည်။
ထို့နောက် ကလေး ၅ ယောက်အပါအဝင် ဒါဏ်ရာရရှိသူများအားလုံး တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေး ကြောင်း ကိုယ်တိုင်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ထိခိုက်တဲ့သူတွေအားလုံးလိုလို သတိမရကြဘူး၊ ၁၀ နှစ်အောက် ကလေးငယ် ၅ ယောက်လဲ ပါတယ် သူတို့ အများစုက ခေါင်းထိကြတယ် ကြည့်ရတာ အသက် စိုးရိမ်ဖွယ်ရှိတယ် သူတို့ကို ZYA ကားရယ်၊ ရွာထဲကကားရယ် တီးတိန်မြို့က STBA ကား၃ စီးနဲ့ ဆေးရုံပို့ပေးကြတယ်” ဟု ကူညီပေးနေသူအမျိုးသမီးတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကလေးမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားကာ စစ်ရေးအရှိန်ပြင်းထန်နေသောကြောင့် မြို့ပေါ်ရှိဒေသခံများသည် ကျေးလက်ဒေသနှင့် ရိ နယ်စပ်ဘက်သို့ နေ့စဉ်နှင့်အမျှ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။
Photo – Zomi Post