(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် PDF Zoland တပ်ဖွဲ့က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင် ထားသူများအနက် ကင်းလွတ်ခွင့်နှင့် ကိုက်ညီသည့် လူငယ် အယောက် ၂၀ ကို နေရပ်အသီးသီးသို့ ပြန်လွှတ်ပေးလိုက်သည် ဟု ZFU/PDF Zoland က ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။
မတ်လ ၃၁ ရက်နေ့က အဖွဲ့အစည်းမှ သတ်မှတ်ထားသော ကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒ ၄ ချက်နှင့် ကိုက်ညီသူ လူငယ် ၁၄ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ပြန်လည်လွှတ်ပေးခဲ့သူ စုစုပေါင်း အယောက် ၂၀ ရှိပြီဟု PDF Zoland တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
“ အဓိကတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ညှိတဲ့လူတွေကို ကင်းလွှတ်ခွင်းပေးထားတယ်။ အတတ်နိုင် ဆုံးပေါ့နော်။ တစ်ချို့ဟာတွေကတော့ အသက်မပြည့်တော့ မပြည့်ဘူးပေါ့နော် ဒါပေမဲ့ သူတို့မှာ ဆန္ဒရှိတယ် အဲလိုဟာတွေ ကျတော့ ဒီတိုင်းထားပါတယ်။ ကျွန်တော်တို့သတ်မှတ်ထားသလို မိသားစုထဲမှာ တစ်ဦးတည်းဖြစ်တဲ့သူတွေ အသက်မပြည့် တဲ့သူတွေကိုတော့ လွှတ်တယ်။ အယောက် ၂၀ ဟုတ်ပါတယ်။” ဟု PDF-Zoland မှ တာဝန်ရှိသူက ပြောသည်။
PDF Zoland ၏ ထုတ်ပြန်ချက်အရ စစ်မှုထမ်း ကင်းလွှတ်ခွင့် မူဝါဒ ၄ ချက်တွင် အသက်မပြည့်သေးသူများနှင့် ပညာသင် ကြားဆဲ ကျောင်းသားများ၊ မိသားစုအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ရှိနှင့်ပြီးသူများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် မိသားစုတွင် တစ်ဦးတည်းသော သား သို့မဟုတ် သမီး ဖြစ်သူများကို ကင်းလွှတ်ခွင့်ပြု ထားသည်ဟု သိရသည်။
အသက်မပြည့်သူများအနေဖြင့် တော်လှန်ရေးတွင် ပါဝင်လိုသည့် စိတ်ဆန္ဒကိုအလေးထားသောအားဖြင့် မိမိစိတ်ဆုံးဖြတ် ချက်အပေါ်မူတည်ကာ အတတ်နိုင်ဆုံးလိုက်လျောပေးမည်ဟုလည်း PDF-Zoland က ဆိုသည်။
PDF Zoland သည် မတ်လ ၂၄ ရက်နေ့တွင် တီးတိန် နှင့် တွန်းဇံမြို့နယ်အတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အမျိုးသား/ အမျိုးသမီး မခွဲခြားဘဲ အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။
ထို့နောက် အချို့သောကျေးရွာများတွင်လည်း တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး လိုင်တွီးရွာမှ လူငယ် ၉ ဦးကို ခေါ်ဆောင်သွားခဲ့မှုအပေါ် ဒေသခံများက ပြန်လည်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုများလည်း ရှိသည်။
ပြီးခဲ့သော တစ်ပါတ်ခန့်ကလည်း PDF Zoland သည် စစ်အာဏာရှင်ကို တွန်းလှန်ရန်နှင့် ဇိုဂမ်လွတ်မြောက်ရေးအတွက် “ချင်းမြောက်ပိုင်း နောက်ဆုံးလှိုင်း” စစ်ဆင်ရေးအတွက် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းသားသစ်များ ကို ဖိတ်ခေါ်ထားသည်။
စိတ်ပါဝင်စားသူများအနေဖြင့် Zomi Federal Union Page Messenger သို့မဟုတ် အီးမေးလ် (contact@zomifederalunion.org) မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
လက်ရှိ ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် PDF Zoland အပြင် ချင်းညီနောင်တပ်ဖွဲ့များနှင့် ချင်းပြည် (Chinland) အစိုးရ တပ်ဖွဲ့များကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ လူငယ်များအား အမျိုးသားရေးတာဝန် ထမ်းဆောင်ကြရန် အသီးသီးဖိတ်ခေါ်လျက်ရှိသည်။

