Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်မှုမထမ်းချင်လို့ ရခိုင်ရိုးမကို ဖြတ်ပြေးရတဲ့ လူငယ်တွေ

စစ်မှုမထမ်းချင်လို့ ရခိုင်ရိုးမကို ဖြတ်ပြေးရတဲ့ လူငယ်တွေ

0
By Editor on November 26, 2024 Featured

ရေး – Salai Vakok

“မိုးမရွာပါစေနဲ့” အုံမှိုင်းနေတဲ့ ကောင်းကင်ကို မော့ကြည့်၊ ဆုတောင်းရင်း ကိုဆလိုင်းတို့တွေ ရခိုင်ရိုးမကို လူသူအသိနည်းတဲ့ တောလမ်းတွေကနေ ဖြတ်ကျော်နေကြပါတယ်။

ဇူလိုင်လ နှောင်းပိုင်းရဲ့ မိုးတွင်းကာလမှာ မတ်စောက်ပြီး တောတောင် ထူထပ်လွန်တဲ့ ရိုးမတောင်ပေါ်လမ်းခရီးက မတွင်ကျယ် လှပါ။ ရခိုင်ရိုးမမှာ မိုးသည်းထန်နေချိန် ခရီးသွားရင် တောင်ကျရေအပါအဝင် အန္တရာယ်များလွန်လို့ မကြာခဏ ရပ်နားရပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့အနောက်ဘက်ခြမ်းက ကိုဆလိုင်းဇာတိ ချင်းရွာကနေ ပေ ၄၀၀၀ မှ ၅၀၀၀ ခန့်အမြင့် ရှိတဲ့ ရခိုင်ရိုးမ တောင်ပေါ်ကို ဖြတ်ပြီး မကွေးတိုင်း၊ မင်းဘူးမြို့ကို ရောက်ဖို့ တပတ်ကျော် လမ်းလျှောက်ရပါတယ်။ (အမ်း – မင်းဘူးရဲ့ ကားလမ်းမ အကွားအဝေးဟာ ၁၀၂ မိုင်ရှိပါတယ်)

ဒါဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်ဖို့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က ထွက်ပြေးကြတဲ့ ချင်းလူငယ်တွေထဲက ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကိုဆလိုင်းနဲ့ အခြားချင်းလူငယ် ၃ ဦးဟာ တစ်ဦးကို ၂ သိန်းစီပေးပြီး ရိုးမတောလမ်း ကျွမ်းကျင်သူလမ်းပြကို ငှားရမ်းကာ ရှောင်ပြေးရတာဖြစ်ပါတယ်။

“စကစက အမ်းမှာ စစ်သား စုဆောင်းဖို့ လူငယ်တွေကို ဖမ်းတာဆီးတာတို့ စစ်မှုထမ်းဥပဒေအရ ဖြစ်လာချိန်မှာ ပြေးလာတာပါ” လို့ ရန်ကုန်ကို ရောက်ရှိနေပြီးတဲ့ အသက် ၂၄ နှစ်အရွယ် ကိုဆလိုင်းက ပြောပါတယ်။

အဲဒီအချိန်က စစ်ကောင်စီဟာ အမ်းမြို့နယ်ထဲမှာ နယ်မြေစိုးမိုးထားဆဲဖြစ်ပြီး စစ်မှူထမ်းဥပဒေအရ စာရင်းကောက်ယူမှုရှိသလို ဖမ်းဆီးခေါ်ဆောင်သွားတွေလည်း ဖြစ်ပွားနေခဲ့ပါတယ်။

အမ်းမြို့နယ်အပြင် ရခိုင်ပြည်နယ်ထဲက ရခိုင်နဲ့ ချင်းလူငယ်တွေဟာ လမ်းပြတွေကို ငှားကာ ရခိုင်ရိုးမကို ခြေလျင်ဖြတ်ပြီး မကွေး၊ မင်းဘူးကနေ နီးစပ်ရာဆွေးမျိုးတွေဆီကို ပြေးကြတယ်လို့ ချင်းလူငယ်တွေက ပြောပါတယ်။

ရခိုင်ရိုးမတောင်ပေါ်က တောလမ်းတွေမှာ ထွက်ပြေးကြတဲ့ အမျိုးသမီးငယ်အပါအဝင် လူငယ်၊ လူရွယ်တွေကို သူ့အစုအဖွဲ့နဲ့သူ တွေ့ခဲ့ရသလို ကုန်ကူးနေကြတဲ့ ကုန်သည်အုပ်စုတွေနဲ့လည်း ဆုံတွေ့ရတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။

အမ်းမြို့နယ်ကို စစ်ကောင်စီထိန်းချုပ်ထားစဉ်က စစ်မှုထမ်းဥပဒေကို တိမ်းရှောင်နိုင်ဖို့ ချင်းလူငယ်တွေ နေရပ်စွန့်ခွာကြသလို အာရက္ခတပ်တော်ရဲ့ တပ်သားစုဆောင်းမှုတွေ စတင်တော့လည်း အများအပြား ထပ်မံထွက်ပြေးရပါတယ်။

ရခိုင်ပြည်နယ်ထဲ မြို့ ၁၀ ခုခန့်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (အေအေ) ဟာ အနောက်မြောက် တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့နယ်ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ၂၀၂၄ နှစ်ဆန်းပိုင်းမှာကတည်းက စတင်ပြင်ဆင်နေခဲ့ပါတယ်။

မဲတောင်ဗျူဟာကုန်းစခန်းကို စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်မှာ စတင်တိုက်ခိုက်မှုကနေ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းနိုင်ဖို့ ပိတ်ဆို့ဖြတ်တောက်ပြီး ဒီကနေ့အထိ ထိုးစစ်ဆင်နေပါတယ်။

အာရက္ခတပ်တော် ULA/ AA ဟာ စက်တင်ဘာလ မတိုင်မီကပင် အမ်းမြို့နယ်ထဲမှာ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင် ခဲ့ပြီး “ရပ်ရွာလုံခြုံရေး” ခေါင်းစဉ်နဲ့ လူငယ်တွေကို မဲနှိုက်စနစ်နဲ့ တပ်သားစုဆောင်းမှုတွေ ပြုလုပ်တာကြောင့် ဒေသခံ ချင်း လူငယ်တွေအများအပြား နေရပ်စွန့်ခွာကြခြင်းဖြစ်ပါတယ်။

အမ်းမြို့နယ်ထဲက ဒုကန်၊ ရူးချင်း၊ မဝှမ်း၊ တာဖျား၊ သရွဲ၊ မဲသံကြိုး၊ မဲလက်မောင်း၊ ဖောင်တော်ဦးကျေးရွာများ အပါအဝင် အနီးဝန်းကျင်း ကျေးရွာတွေမှာ နေထိုင်ကြတဲ့ စုမ်းတူ၊ အရှို၊ ခမီး၊ လောက်တူ စတဲ့ ချင်းလူငယ်တွေ တိမ်းရှောင်ကြခြင်းဖြစ်ပါတယ်။

အမ်းမြို့နယ်မှာ ရခိုင်က ၆၉ ရာခိုင်နှုန်း၊ ချင်းက ၂၉ ရာခိုင်နှုန်း၊ ဗမာက ၁.၃ ရာခိုင်နှုန်းနဲ့ အများဆုံးနေထိုင်ကြပါတယ်။

အာရက္ခတပ်တော်ဟာ အမ်းမြို့အနောက်ခြမ်းက ချင်းကျေးရွာတွေမှာ အစည်းအဝေးခေါ်ပြီး ရပ်ရွာလုံခြုံရေး အတွက် မိမိစိတ်ဆန္ဒနဲ့ တရွာမှာ ၅ ဦးကနေ ၁၀ ဦးကျော်အထိ စစ်သင်တန်းတက်ရန် စီမံဆောင်ရွက်ပါတယ်။ တက်ရောက်ချင်သူ မရှိခြင်းကြောင့် ရပ်ရွာလူကြီးကနေ တဆင့် မဲနှိုက်စနစ်နဲ့ ရွေးချယ်ခိုင်းမှု ပြုလုပ်လာတဲ့အတွက် အခုလို တိမ်းရှောင်ကြတာပါ။

သင်တန်းပြီးဆုံးရင် ရှေ့တန်းပို့ခံရလိမ့်မယ်လို့ ဒေသခံလူငယ်တွေက ယူဆထားကြပါတယ်။

အမ်းမြို့အနောက်ဘက် ချင်းကျေးရွာတွေကနေ ထွက်ပြေးလာသူတွေထဲ အသက် ၂၀ အရွယ် ဆလိုင်းပီတာ လည်းပါဝင်ပါတယ်။ ရွာက ထွက်လာစဉ် အမ်းမြို့ကို မဝင်ဘဲ ဖြတ်လမ်းမှတဆင့် ရခိုင်ရိုးမတောင်ပေါ်ကို တက်လာပြီး မကွေးတိုင်းဘက် ထွက်ခဲ့တယ်လို့ သူက ပြောပါတယ်။

အာရက္ခတပ်တော်က ခေါ်ယူတဲ့ စစ်သင်တန်းအတွက် ရပ်ရွာလူကြီးတွေက အစည်းအဝေးပြုလုပ်မယ်လို့ ပြောတဲ့အချိန် ဩဂုတ်လကုန်ခါနီးမှာ ရွာက တိတ်တဆိတ် ထွက်လာခဲ့တာပါ။

“အဲတုန်းက ဘယ်လိုပင်ပန်းလဲဆိုရင် ထမင်းဆာ၊ ဗိုက်ဆာလွန်လို့ မျှစ်ကိုတောင် အစိမ်းစားပြီး လာခဲ့ရတယ်။ လမ်းခရီးက တအားကြမ်းတယ်။ ခြေထောက်မှာလည်း ဒဏ်ရာတွေကြီးပဲ” လို့ ကိုပီတာက ပြောပါတယ်။

ရခိုင်ရိုးမတောင်ပေါ်ကို ၅ ရက်ကြာဖြတ်သန်းရတဲ့ ဆလိုင်းပီတာတို့အဖွဲ့မှာ မိန်းကလေးငယ် ၃ ဦးအပါအဝင် ၁၂ ဦး ဖြစ်ပြီး အများစုက ချင်းလူငယ်တွေလို့ ဆိုပါတယ်။

အဖွဲ့အတွင်းမှာ သက်ကြီးပိုင်းချင်းလူမျိုးတွေ ပါဝင်ခဲ့ပြီး သက်ကြီးပိုင်း ၁ ဦးမှာ တောင်ပေါ်လမ်းခရီးမှာပင် ပင်ပန်းလို့ သေဆုံးသွားပါတယ်။ လမ်းခရီးမှာပဲ မြှုပ်နှံ့ခဲ့ရတယ်လို့ ကိုပီတာက ပြောပါတယ်။

ဆလိုင်းပီတာဟာ မကွေးဘက်ကနေ ရန်ကုန်အထိ စစ်ဘေးရှောင်လာခဲ့ပြီး ရန်ကုန်မြို့မှာ ဘဝတူ၊ ချင်းစစ်ဘေးရှောင် လူငယ်တွေနဲ့ အဆောင်စုငှားလို့ နေထိုင်ပါတယ်။

အမ်းမြို့နယ်မှာ စစ်သားစုဆောင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ချင်းလူငယ်၊ လူရွယ်တွေ ရာချီ ရှိပြီး ၁၅ နှစ်ကျော်အရွယ်တွေလည်း ပါဝင်တယ်လို့ ချင်းလူငယ်တွေက ပြောပါတယ်။

အမ်းမြို့အနောက်ဘက်၊ ရူးချင်းရွာအုပ်စုထဲက ချင်းရွာတရွာဖြစ်တဲ့ ကိုဆလိုင်းတို့ရွာဟာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး အမျိုးသမီးငယ်အပါအဝင် လူငယ် ၅၀ ထက်မနည်းဟာ ရွာကို စွ့န်ခွာသွားကြတယ်လို့ ရန်ကုန်မြို့ကို တိမ်းရှောင်သွားတဲ့ ကိုဆလိုင်းက ပြောပါတယ်။

လမ်းခရီးစရိတ်မှာ လမ်းပြဌားခ၊ ကားခအပါအဝင် ၅ သိန်းထက်မနည်း ကုန်ကျတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်ထဲက ချင်းကျေးရွာ ၂၀ ထက်မနည်းက လူငယ်တွေ ရှောင်ကြတယ်လို့ ချင်းလူငယ်တွေက သူတို့ လက်လှမ်းမိသမျှ တွက်ချက်ပြပါတယ်။ အရေအတွက်မည်မျှ နေရပ်စွန့်ခွာကြတယ်ဆိုတာကို မေးမြန်းခွင့်ရတဲ့ ချင်းလူငယ်တွေ အတိအကျ မပြောနိုင်ကြပါ။

အမ်းမြို့နယ်သာမက မြေပုံနဲ့ မင်းပြားက ချင်းလူငယ်တွေဟာ လမ်းပြငှားပြီး ရခိုင်ရိုးမကို ဖြတ်ကျော်သွားကြတာလည်း ရှိတယ်လို့ ချင်းလူငယ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က တိမ်းရှောင်လာကြတဲ့ ချင်းလူငယ်တွေဟာ အများစုက ရန်ကုန်မြို့ကို တိမ်းရှောင်ကြသလို တချို့က နီးစပ်ရာ ဆွေမျိုးတွေ့ရှိတဲ့ မြို့တွေဘက်ကို သွားကြတယ်လို့ သိရပါတယ်။ တချို့လူငယ်တွေက ထိုင်းနဲ့ မလေးရှားနိုင်ငံအထိ သွားကြပြီး စက်ရုံအလုပ်ရုံတွေမှာ ဝင်ရောက်ကိုင်နေကြပြီး တချို့က အလုပ်ရှာဖွေနေကြဆဲဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆလိုင်းမောင်မောင်ဟာလည်း ရွာကနေ အမ်းမြို့အထိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်တွေကို ရှောင်နိုင်ဖို့ လမ်းပြငှားပြီး စက်တင်ဘာလ ကုန်ခါနီးမှာ ထွက်ခဲ့ပါတယ်။ တောလမ်းကနေ အမ်းမြို့ကို ရောက်ဖို့ လမ်းပြကို တစ်ယောက်ကို ငါးသောင်း ပေးရတယ်လို့ သူက ပြောပါတယ်။

အမ်းမှတစ်ဆင့် မင်းဘူးအထိ လိုင်းကားနဲ့ လာခဲ့ပြီး ကားလက်မှတ်ခ ငါးသောင်းပေးရပါတယ်။ ကိုဆလိုင်း မောင်မောင်တို့ အဖွဲ့မှာ အသက် ၁၈ နှစ်အရွယ်တွေ အပါအဝင် အယောက် ၃၀ ခန့်ရှိတယ်လို့ ပြောပါတယ်။

အဲဒီအချိန်က အမ်းမြို့ပေါ်နဲ့ အနီးဝန်းကျင်ကို ထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီဟာ အာရက္ခတပ်တော်ထံ လူငယ်တွေ မရောက်ရှိစေဖို့ တိမ်းရှောင်ချင်တဲ့ လူငယ်တွေအတွက် လိုအပ်တဲ့ ထောက်ခံစာနဲ့ စာရွက်စာတမ်းတွေကို အမ်းမြို့ပေါ်မှာ လွယ်လွယ်ကူကူ လုပ်ပေးခဲ့တယ်လို့ ချင်းလူငယ်တွေက ပြောပါတယ်။

“အေအေက လုပ်တဲ့အချိန်မှာ စကစက လမ်းဖွင့်ပေးလိုက်တာပေါ့။ လူငယ်တွေ မရှိတော့ရင် အေအေက ဖမ်းဆီးပြီး စစ်သင်တန်း ပေးလို့ မရတော့ဘူးပေါ့။ အိမ်ထောင်စုစာရင်းတို့ မှတ်ပုံတင်တို့တောင်မှ ပိုက်ဆံ ပေးစရာ မလိုဘူး။ ဒီနေ့ လုပ်ရင် ဒီနေ့ ရတယ်။ သူတို့တွေရဲ့ ရည်ရွယ်ချက်က အေအေက လူငယ်တွေကို ဖမ်းဆီးပြီး စစ်တိုက်ခိုက်နိုင်တယ်တဲ့” လို့ ကိုဆလိုင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက တိမ်းရှောင်ကြတဲ့ ရခိုင်လူငယ်တွေ၊ ချင်းလူငယ်တွေဟာ အမ်းမြို့နယ်လမ်းဘက်မှ လာကြစဉ်မှာ ဖမ်းဆီးခံ ရမှု တချို့လည်း ရှိတယ်လို့ သိရပါတယ်။ ဖမ်းစီးခံရတဲ့ အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

အမ်းမြို့နယ်၊ ရူးချင်းရွာမှာ နေရပ်မစွ့န်ခွာပဲ ဆက်လက်နေထိုင်တဲ့ ချင်းလူငယ်ဆလိုင်းဂျိမ်းက ငွေကြေးမတတ်နိုင်လို့ ရွာမှာပဲ နေထိုင်ပါတယ်။ ရူးချင်းရွာနဲ့ အနီးဝန်းကျင်းရွာတွေမှာ လူငယ်တွေ မရှိသလောက်ပဲလို့ ပြောပါတယ်။

“ကျနော်တို့ ရွာလည်း လူငယ်တွေ မရှိတော့ဘူး။ ရွာတိုင်းနီးပါး လူငယ်တွေ ထွက်ပြေးကြတာ။ သူတို့လည်း ရွာမှာ မနေရဲတော့ လို့ဖြစ်မယ်” ဟုပြောပါတယ်။

အမ်းနယ်ဘက်က ငွေကြေးမတတ်နိုင်တဲ့ ဆလိုင်းဂျိမ်းလို၊ လူငယ်တွေရဲ့ ရှေ့ရေးကတော့ ဘယ်လိုရင်ဆိုင် တွေ့ကြုံရမလဲဆိုတာ ဆလိုင်းဂျိမ်းကိုယ်တိုင်လည်း မသိတဲ့ အခြေအနေပါ။

(စာကြွင်း – လုံခြုံရေးအခြေအနေကြောင့် ဆောင်းပါးမှာ ဖြေကြားပေးတဲ့ ချင်းလူငယ်တွေရဲ့ နာမည်တွေကို ပြောင်းလဲ အသုံးပြုထားပါတယ်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.