(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ ချင်းပူးပေါင်းတပ် ထိန်းချုပ်ထားသည့် စစ်ရေးအရ အရေးပါသော ကနေဒီတောင်ကို အာဏာသိမ်းစစ်တပ်က ယမန်နေ့က ပြန်လည် သိမ်းပိုက်သွားကြောင်း သိရသည်။
သိုင်းငင်းကျေးရွာမှ တီးတိန်မြို့သို့ ဦးတည်နေသော အင်အား ၂၀၀ ဝန်းကျင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းတော်လှန်ရေးတပ် ဖွဲ့တို့သည် သိုင်းငင်း- တီးတိန်အကြား မေလ ၂ ရက်မှစတင်၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာပြီး ယမန်နေ့ မေလ ၅ ရက်က ကနဒီတောင်စခန်းကို လက်လွှတ်လိုက်ရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ကနေဒီတောင်ကို စစ်တပ်က မနေ့က မေလ ၅ ရက်နေ့မှာ ပြန်ထိန်းချုပ်သွားပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်တပ်သည် သိုင်းငင်း- တီးတိန်ကြား ထိုးစစ်ဆင်လာရာ လမ်းတလျှောက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု သိရသည်။
လတ်တလောတွင် ချင်းပူးပေါင်းတပ်များက တီးတိန်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲမည်ဟု သတင်းများ ထွက်ပေါ် လာပြီးနောက် အာဏာသိမ်းစစ်တပ်သည် သိုင်းငင်းမှ တီးတိန်းသို့ စစ်အင်အားဖြည့်တင်းရန် အလျင်အမြန် စစ်ကြောင်းထိုး တိုက်ခိုက်လာ ခြင်းဖြစ်သည်ဟု သိရသည်။
ကနေဒီတောင်စခန်းကို ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ခိုက်သိမ်းယူမှုများ ဖြစ်ပွားနေပြီး ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ချင်းပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် ၄ ကျော်အကြာမှာ အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းပိုက် လိုက်ခြင်းဖြစ်သည်။

