Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

0
By Editor on October 26, 2023 Featured

(002HH)

“ပီပီး” ဆိုတဲ့ ဝှီစီမှုတ်သံဟာ မနက်အာရုံတက်စအချိန်မှာ ကြက်တွန်သံနဲ့အတူ အပြိုင်ထွက်ပေါ်လို့လာပါတယ်။ ဒီအသံနဲ့ အတူ မနက် ၅ နာရီအမီ လေ့ကျင့်ရေးဆင်းဖို့အတွက် တပ်သားတွေကို တပ်မမှူးဖြစ်တဲ့ ကိုလျန်နို တစ်ယောက် နှိုး ဆော်နေတာပါ။ 

ဒါကတော့ သူနေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်တစ်ခုလို ဖြစ်နေပါပြီ…. တပ်သားတွေကို လေ့ကျင့်ဖို့ တာဝန်က သူ့အတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ခံယူထားတာကြောင့် အားမာန်ပါစွာ အော်ရင်းနဲ့ပဲ လေ့ကျင့်ပေးနေပါတယ်။

သူဟာ စစ်တပ်မှာ ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ CNDF က တပ်သား တွေကို လေ့ကျင့်ပေးနေတာပါ။ 

၂၀၂၁ ခုနှစ်အာဏာသိမ်းစမှာပဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ခဲ့ တာဖြစ်ပါတယ်။ ကနဦးမှာ လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်ဖို့စိတ်ကူးမရှိခဲ့ဘဲ တတိယနိုင်ငံဖြစ်တဲ့ သြစတေးလျသွားဖို့ လုပ်ခဲ့တာပါ၊ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“CNDF ခါင်းဆောင်တွေက ကျွန်တော်ဆီကိုလည်း လာကြတယ်။ ဖလမ်းလူမျိုး၊ မျိုးနွယ်စု လက်နက်အဖွဲ့အစည်း နည်းတယ် အဲ့မှာတာဝန်ထမ်းဆောင်ဖို့ လိုတယ် အဲ့လိုမျိုးကျွန်တော့်ကို စည်းရုံးတယ်။ စစ်ပညာသင်တန်းပို့ချဖို့ စစ်ဗျုဟာပို့ချဖို့ ပထမဆုံးသင်တန်း ပို့ချတယ်၊ သင်တန်းက ၃ ကြိမ်အထိပြီးသွားပြီ၊ သင်ကြားပို့ချရင်းနဲ့ ဒီပညာရပ်နဲ့ လုပ်ရပ်တွေက သင်တန်းပို့ချရုံံနဲ့ လူကြီးတွေက မပြီးဘူး နေရာတခါတည်း ယူမှရမယ်ဆိုပြီး ကျွန်တော်ကို ပထမဦး ဆုံး CNDF ဗျူဟာမှုးနဲ့ ရာထူးပေး ကြတယ်” 

လက်ရှိမှာတော့ သူဟာ CNDF တပ်မ (၃) ရဲ့ တပ်မမှူး အဖြစ် တာဝန်ထမ်းဆာင်နေပါတယ်။ ဒါ့အပြင် CDF ဖြစ် မြောက်ဖို့ အတွက် ပါဝင်ဦးဆောင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ CNA ဘက်မှ နောက်ကနေ စစ်နည်းပညာတွေ ထောက်ပံ့ပေးပြီး ကိုယ့်မြို့နယ်အလိုက် လူမျိုးနွယ်စု အလိုက် လက်နက်ကိုင် ထူထောင်ဖို့ အကြံပြုချက်နဲ့အတူ CDF ဆိုတာ ထွက်ပေါ်လာခဲ့ ကြောင်း သူက ပြောပါတယ်။

သူက စစ်တပ် လက်အောက်မှာ နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တာကြောင့် လက်ရှိ CNDF တပ်ထဲ ဝင်ရောက်ပြီး ကိုယ့်လူမျိုးအတွက် အနစ်နာခံ စစ်ရေးလေ့ကျင့်ပေးမှုတွေ လုပ်ခဲ့ချိန်တလျှောက် တပ်တွင်း ရဲဘော်အချင်းအချင်းကြား မယုံကြည်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

”ကျွန်တော် CDM လုပ်လာတာဖြစ်တဲ့အတွက် သူတို့တော်လှန်ရေးတပ်ထဲကနေ အသိအမှတ်ပြုတဲ့ သင်တန်း တွေတက်ရောက်ပြီး တာဝန်ထမ်းဆောင်တာမဟုတ်တဲ့အတွက် ရဲဘော်တွေအချင်းအချင်း ကြားမှာလည်း မနာလိုမှုတွေ ရှိခဲ့ပါတယ်။သင်တန်းမတက်ပဲ ရာထူးရတဲ့ဟာမျိုးကျတော့ ရှိတော့ရှိပါတယ် ဒါကတော့ အတည်လို့မခံယူပဲ နားမလည်လို့ပါလို့ပဲ ခံယူလိုက်ပါတယ်။”

ဒီလိုအခက်အခဲတွေကြားကနေ တပ်မမှုးတာဝန်ကို ထမ်းဆောင်နေတာဖြစ်ပြီး မိခင်နှင့် ဇနီးရဲ့အားပေး ထောက်မမှုကတော့ သူ့အတွက် အရေးကြီးဆုံးပါ။ ဇနီးဖြစ်သူဟာလည်း သူ့ကို ထောက်ခံတာထက်ပိုတဲ့ ထပ်တူ စိတ်ရှိသူ တစ်ဦးပါ။

”ကျမတောင် ကလေးမရှိရင် ဝင်မှာ၊ဝင်ချင်တယ် စိတ်က အဲ့လိုမျိုးရှိ တယ်။ကျမယောကျားကိုပြောနေတာ ကလေးသာမရှိရင် ကျမလည်း လက်နက်ကိုင်ချင်လိုက်တာလို့။”

လက်ရှိမှာတော့ သူ့ဇနီးသည်ဟာ သမီးအပါအဝင် ကျန်းမာရေးမကောင်းတဲ့မိဘတွေကို ပြုစုရင်းနေထိုင်နေပါတယ်။ စားဝတ်နေရေးအခက်ခဲတွေရှိနေပေမယ့် တဖက်တလမ်းကနေ ခင်ပွန်းဖြစ်သူ တော်လှန်ရေးကောင်းကောင်း လုပ်ဆောင်နိုင်ဖို့အတွက် တတ်နိုင်သလောက်ထောက်မနေသူပါ။

ကိုလျန်နိုကတော့ သူ့ဆုံးဖြတ်ချက်အပေါ် လုံးဝနောင်တမရသလို ဇနီးဖြစ်သူရဲ့ အားပေးမှုက သူ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့ပါတယ်။

CDM မဝင်ခင် ကိုလျန်နိုးရဲ့ စစ်ကောင်စီလက်အောက် တပ်ကြပ်ကြီးစာရေးဘဝကတော့ မလွယ်ကူခဲ့ပါဘူး။ အသက် ၁၈ နှစ်မှာ တပ်ထဲကိုစတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အခြေခံသင်တန်းဘဝကနေ ကြိုးစားတာဝန်ထမ်းဆောင်ခဲ့ရာက ၂၀၁၅ ခုနှစ် ၅ နှစ်အကြာမှာ ဒုတပ်ကြပ်ရာထူးကို ရရှိခဲ့သူပါ။

စစ်တပ်ထဲမှာတုန်းက အထက်အရာရှိတွေရဲ့ မတရားလုပ်ရပ်တွေကိုလည်း နေ့စဉ်မြင်တွေ့ခဲ့ရကာ အဲ့ဒီလိုမတရားမှုတွေကို မြင်တဲ့ အခါတိုင်း နှိုတ်ဆိတ်နေဖို့ သူ့အတွက် ခဲယဉ်းလှပါတယ်။ အမျိုးသားရေးကိုမြတ်နိုးသူလည်းဖြစ်တာကြောင့် စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုတွေရှိတဲ့ စစ်တပ်ထဲမှာတောင် ချင်းလူမျိုးရဲဘော်တချို့နဲ့အတူ ချင်းအမျိုးသား နေ့ ကို လုပ်ချင်လို့ ကြိုပမ်းခဲ့ဖူးပါတယ်။

“ကျွန်တော်တို့ချင်းလူငယ်တွေကိုစုဖွဲ့ရင်းနဲ့ ချင်းအမျိုးသားနေ့လုပ်ချင်တယ်ဆိုပြီး တပ်ထဲမှာလုပ်တဲ့ အချိန်မှာ တပ်က စည်းကမ်းအရတပ်ထဲမှာ မလုပ်ဖို့တားမြစ်ပါတယ်။ ပြီးတော့ တပ်အပြင်မှာလုပ်မယ်ဆိုတော့လည်း အပြင်ထွက်ခွင့်မရှိဘူး လို့ထပ်ပြီး ပိတ်ပင်ပြန်တော့ ခက်ခဲကြုံခဲ့ပြန်တယ်” လို့ သူကြုံခဲ့ရတာကို ပြောပါတယ်။

အသက်ငယ်ငယ်နဲ့ စစ်တပ်ထဲ ဝင်ခဲ့ရတဲ့အချိန်မှာ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတစ်ဦးဖြစ်တဲ့ သူ့အတွက် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေကိုလည်း ခံခဲ့ရပါတယ်။ 

စစ်ရေးလေ့လာသင်ယူနေချိန်မှာတောင် သူ့ ဘဝတက်လမ်းရဲ့ အောင်မြင်မှုလား၊ ကျဆုံးမှုလားဆိုတာ ဝေခွဲဖို့ခက်ပေမယ့် သေချာတာကတခုက သူ့ကို မတားဆီးနိုင်သလို စစ်ရေးပညာတွေ ဆက်သင်ယူလေ့လာဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

အသက် ၂၀ မှာ အလုပ်သင် ဗိုလ်လောင်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုယ်ရေးအချက်အလက်နေရာမှာ ဘာသာပြောင်း ဖို့ မေးမြန်းခံရချိန် ဘာကြောင့် ပြောင်းဖို့လိုအပ်တာလဲ့ဆိုတာဟာ ကိုလျန်နိုရဲ့ စိတ်ထဲမေးခွန်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဗုဒ္စဘာသာနိုင်ငံဖြစ်တယ် အဲ့တော့ နောင်တချိန်ရာထူးနေရာအကြီးအကဲနေရာရဖို့ ဗုဒ္စဘာ သာဖြစ်ဖို့လို လာတယ် အဲ့တာက တပ်မတော်တခုလုံးရဲ့ မှုဝါဒဖြစ်လာတယ်။ နိုင်ငံကိုအုပ်ချုပ်မယ့်သူ နေရာယူ မယ့်သူက ဘာသာအရ ဗုဒ္စဘာသာဖြစ်ရမယ်ဆိုတဲ့မူရှိတယ်။အဲ့တော့ ဗုဒ္စဘာသာမဟုတ်ရင် မိုးပျံအောင် ဘယ်လောက်ပဲ တော်တော် ဗိုလ်မူး ရဖို့ထက် တပ်ရင်းမှုအဆင့်ထိက နောက်ဆုံးပဲတဲ့ အဲ့ထက်ဘယ်တော့မှ မရနိုင်ဘူးဆိုတဲ့ အကြံပြုချက်ရတယ်။”

သူ့ ဆုံးဖြတ်ချက်က ဘဝအောင်မြင်မှုအတွက် အမြင့်ကို ရောက်ဖို့ဖြစ်စေနိုင်ပေမယ့် ငယ်ငယ်ကတည်းက ဘာသာရေး ကျောင်းတက်ပြီး ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်နေသူအဖို့ ဒီလိုလုပ်ဖို့ မလွယ်ကူခဲ့ပါဘူး။

“ကိုယ့်က စိတ်ထဲမှာ ခရစ်ယာန်ကို မိရိုးဖလာလောက်မဟုတ်ပဲ ဘာသာရေးကျောင်းလည်း တက်လာတဲ့သူ ဆိုတော့ ယုံကြည်မှု အပြည့်ရှိတဲ့အခါကျတော့ ဘာသာရေးစွန့်လွတ်ဖို့က ရာထူးနဲ့မလဲတော့ဘူးဆိုပြီး ကျွန်တော်ဗိုလ်လောင်း တောင် မတက်တော့ဘဲ မိခင်တပ်ရင်းကိုပြန်ထွက်လာတယ်။”

၂၀၁၅ မှာတပ်ကြပ်ကြီးစာရေးအနေနဲ့ ဆက်တာဝန်ထမ်းဆောင်ရင်း အပြောင်းရွေ့တာဝန်နဲ့ ချင်းပြည်နယ် ဖလမ်းမြို့ ကို သူရောက်ခဲ့ပါတယ်။ အာဏာသိမ်းမှုမတိုင်ခင်အထိ ချင်းပြည်နယ်မြာက်ပိုင်းတပ် ဟားခါးမြို့ အခြေစိုက်စစ်ကောင်စီ ဗျူဟာရုံးမှာ တာဝန်ထမ်းဆောင်နေခဲ့တာပါ။

ကိုလျန်နိုဟာ စစ်တပ်အာဏာသိမ်းမှုဖြစ်တဲ့အချိန်မှာတောင် တပ်ကြပ်ကြီးစာရေးအနေနဲ့ အမှုတွဲတွေကို ကိုင်တွယ် ဖြေရှင်းရင်း စစ်ကောင်စီက ချင်းပြည်နယ် တပြည်နယ်လုံးမှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာန အသစ် ထပ်ထူထောင်ခဲ့ တာကြောင့် စစ်ရေးဗျူဟာတွေကို အဓိကဆွဲဖို့တာဝန် ထပ်ပြီးပေးအပ်ခံခဲ့ရပါတယ်။

မတရားမှုတွေကို မြင်ရင် ဒီတိုင်းကြည့်မနေတတ်တဲ့ သူ့အတွက် အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်က အချင်းချင်းကြား ပစ်ခတ်မှု များလာစေသလို ချင်းလူမျိုးတယောက်အနေနဲ့ မကြည့်ရက်နိုင်တဲ့ မြင်ကွင်းတွေအဖြစ် သူမြင်ခဲ့ရပါတယ်။

”စကစက ဆန္ဒပြ၊ မသင်္ကာမှုဖမ်းတယ်ဆိုရင်တောင်မှ သူတို့ဖုန်းထဲက ဘယ်နှစ်လတုန်းကဖျက်ခဲ့တယ်ဆို ရင်လည်း ဆော့ဝဲလ်နဲ့ ပြန်ဖော်တယ်။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့အထောက်အထားတွေရှိရင် ဖမ်းတယ်၊ ပြီးရင် ကျွန်တော့် မျက်စိရှေ့မှာ၂ ယောက်ရိုက်ရင်းနဲ့ရိုက်ရင်း သေသွားတယ်။ ကျွန်တော့်ချင်း ပြည်သူတွေ ဒီလိုအလုပ်ခံရတာတော့ ကိုယ်ကိုယ်တိုင်က အဲ့ထဲမှာပါဝင်နေတော့ လိပ်ပြာမသန့်ဘူး အဲ့လိုမျိုးပေါ့။”

အာဏာသိမ်းမှုကနေ နိုင်ငံရေး၊ရည်မှန်းချက်ပြောင်းလဲဖို့ အခွင့်အရေးတခုအဖြစ် သူရှုမြင်လာတဲ့နောက် သူ့ဘဝ၊သမိုင်းမှာ အမဲစက်ဖြစ်စေဖို့ ဘက်ပြောင်း တော်လှန်ရေးရဲဘော်ဘဝက သူတန်ဖိုးထားရာ ဖြစ်လို့လာပါတော့တယ်။

“ကျွန်တော်တို့ လိုချင်တဲ့စနစ်အသက်ရှင်အောင်၊ ကြီးထွားလာအောင် ပြည်သူလူထုယန္တရားကနေစပြီးတော့ ဖယ်ဒရယ် စနစ်ကို ပြည်သူလူထုအားလုံးက နားလည်သဘောပေါက်ပြီး အကောင်ထည်ဖော်နိုင်အောင် မျိုးစေ့ချ ထားဖို့အဓိက အရေးကြီးတယ်။ မလိုချင်တဲ့ အာဏာရှင်စနစ်ကိုသိပြီး ကိုယ်လိုချင်တဲ့ စနစ်ကိုလည်း အကောင် ထည်ဖော်ဖို့ လိုတယ်။ ” လို့ သူ့ခံယူချက်ကို အားမာန်အပြည့်နဲ့ ဆိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.