(006SV)
အရှိုချင်းတော်လှန်ရေးအင်အားစုမှ CDF – Asho ၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသား တော်လှန်ရေး အတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောသည်။
CDF – အရှို တပ်ဦးချုပ် ဆလိုင်းရိုးနှင့် တပ်ဖွဲ့ဝင်များ ကျဆုံးမှုသည် CDF – အရှိုအတွက်သာမက ချင်းအမျိုးသားတော်လှန်ရေးနှင့် တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) က ဩဂုတ်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။
ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့သော ဆလိုင်းရိုးချင်းနှင့် တပ်ဖွဲ့ဝင်များကို လေးစား ဂုဏ်ပြုပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF – အရှိုနှင့်တကွ တော်လှန်ရေး ရဲဘော်ရဲဘက်များ အားလုံးနှင့် ထပ်တူ ဝမ်းနည်းကြေကွဲ ရသည်ဟု CNF က ဆိုသည်။
ဆလိုင်းရိုးချင်းနှင့် တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်ပေးဆပ်မှုများကို အောက်မေ့အမှတ်ရပြီး မိမိတို့ ဆင်နွှဲလျက်ရှိသော ပြည်သူ့တော် လှန်ရေး ပန်းတိုင်ရောက်ရှိသည်အထိ ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကလည်း CDF – အရှို တပ်ဦးချုပ် ကျဆုံးမှုသည် တန်ဖိုးဖြတ်မရသော ဆုံးရှုံးခြင်း၊ ဖော်ပြ၍ မရသော ဝမ်းနည်းခြင်းတို့ကို ဖြစ်စေသည်ဟု ဩဂုတ်လ ၁၉ ရက်မှာ ထုတ်ပြန်သော ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထားသည်။
“ဆလိုင်းရိုးချင်းသည် မိမိတို့နှင့် ချင်းကာကွယ်ရေး- အရှိုတပ်ဖွဲ့ကြား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်အကြို ညှိနှိုင်းမှုများအား တာဝန်ယူဆောင်ရွက်နေခဲ့သူဖြစ်သည်” ဟု ACDF က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးများ စတင်လာခဲ့ရာ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကို စတင်တည်ထောင်ခဲ့ မှုတွင် ဆလိုင်းရိုးချင်းသည် တစ်ဦးအပါအဝင်ဖြစ်သည်ဟု သိရသည်။
အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC) ကလည်း ဆလိုင်းရိုးချင်း ကျဆုံးရမှုသည် အရှို (ချင်း) တိုင်းရင်းသားများ အတွက်သာမက နွေဦးတော်လှန်ရေးကြီး တရပ်လုံးအတွက် ကြီးမားလှသော ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်သည်ဟု ဩဂုတ်လ ၂၀ ရက်မှာ ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။
“ဆလိုင်းရိုးချင်းသည် မတရားမှုနှင့် ဖိနှိပ်မှုများကို ဆန့်ကျင်ကာ မိမိယုံကြည်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးအတွက် ကိုယ်ကျိုးစွန့်၍ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာအတွက် မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ ပေးဆပ်ခဲ့သည့် သူ၏ စွန့်လွတ်အနစ်နာခံမှုသည် နွေဦးတော်လှန်ရေး သမိုင်းတွင် မမေ့အပ်သော အမွေအနှစ်အဖြစ် ကျန်ရှိနေမည်” ဟု ACNFC က ဆိုသည်။
ဩဂုတ်လ ၁၄ ရက်က CDF- အရှို၏ တပ်ဦးချုပ် အပါအဝင် ရဲဘော် ၃ ဦးတို့သည် အထောက်စခန်းဘက်သို့ သွားရောက်စစ်ဆေးစဉ် စစ်တပ်စစ်ကြောင်းနှင့် တိုးပြီး စောင့်ကြိုစီးနင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရသည်ဟု သိရသည်။
CDF – အရှိုသည် မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းလူမျိုးများ ပြန့်ကြဲနေထိုင်နေသော ငဖဲမြို့နယ်အပါအဝင် မြို့နယ်ဒေသတချို့တွင် စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပြီး ချင်းတစ်မျိုးသားလုံး၏ မွေးရာပါ ရပိုင်ခွင့်အခွင့်အရေးနှင့် သက်ဆိုင်သော လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် တော်လှန်တိုက်ပွဲဝင်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

