(006SV)
မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ နေထိုင်သော အသက် ၆၀ ကျော်အရွယ် ချင်းအမျိုးသမီးတစ်ဦးသည် ထင်းရှာထွက်စဉ် သတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်ခံရမှု ဖြစ်ပွားကြောင်း သိရသည်။
ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဒေါက်ဒွေကျေးရွာ ဇာတိဖြစ်သော အသက် ၆၀ ကျော်အရွယ် ဒေါ်ရှိန်ခေါဝါသည် လက်ရှိတွင် ဆောမြို့ပေါ်မှာ နေထိုင်ပြီး အောက်တိုဘာလ ၁၇ ရက်က ထင်းရှာရန် တောထဲ သွားစဉ်မှာ နေအိမ်သို့ ပြန်လည် ရောက်ရှိ မလာသောကြောင့် ဒေသခံပြည်သူများ ရှာဖွေကြရာ အောက်တိုဘာလ ၁၉ ရက်က ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“ထင်းရှာဖို့ တောထဲသွားတာ ပြန်မလာလို့ လိုက်လံရှာဖွေတာမှာ ရုပ်အလောင်းကို ပြန်တွေ့ကြတာပါ။ အလောင်း ပြန်တွေ့ချိန်မှာက ဆွဲနေကြ ဆွဲကြိုးနဲ့ လက်ဝတ်လက်စားတစ်ချို့ ပြန်ပါမလာတော့ဘူး။ ပစ္စည်း လုခံရပြီး ရက်ရက်စက်စက် သတ်ဖြတ် အလောင်းဖျောက်ခံရ တယ်လို့ ယူဆရပါတယ်”ဟု အဆိုပါဖြစ်စဉ်ကို သိရှိသော ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၇ ရက်က ဆောမြို့၊ ဇေယျာရပ်ကွက်အနီးတွင် နေထိုင်သော ဒေါ်ရှိန်းခေါဝါသည် ထင်းရှာရန် သန်းပင်ခုံ စုန်းတလင်းပြင်ဥယျဉ်တောဘက်သို့ ထွက်သွားရင် ပျောက်ဆုံးနေသောကြောင့် ရပ်ကွက်နေ ပြည်သူများက လိုက်လံရှာဖွေကြသည်ဟု သိရသည်။
ယင်းသို့ ရှာဖွေရာ ဥယျာဉ်တောထဲရှိ ဒေါ်ရှိန်းခေါဝါ၏ တောင်ယာတဲ နှင့် ကိုက် ၅၀ အကွာမှာ ဆာလာအိတ်နှင့် ထုတ်ထားသော ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်သည်ဟု ဒေသသတွင်းကို ရေးသားဖော်ပြနေသော ယောအလင်းတန်းကလည်း ရေးသားထားသည်။
ရုပ်အလောင်းတွင် ဒေါ်ရှိန်းခေါဝါ ဝတ်ဆင်ထားသော ၁ ကျပ်သား ရွှေဆွဲကြိုး တစ်ကုံး၊ လက်စွပ်၊ နားကပ်တစ်ရံနှင့် ကိုယ်နှင့်မကွာ ဆောင်ထားသော ဘေးလွယ်အိတ်တစ်လုံးလည်း ပျောက်နေသည်ဟု သိရသည်။
ဒေါ်ရှိန်းခေါဝါသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကော်မရှင်တပ်မှ အလင်းဝင်ခဲ့သော ရဲတပ်သား တစ်ဦးကို မသင်္ကာမှုဖြင့် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသကဲ့သို့ အလင်းဝင်ထားသော တခြားရဲတပ်သား ၂ ဦးကိုလည်း မသင်္ကာမှုဖြင့် စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
သေဆုံးသူ ဒေါ်ရှိန်းခေါဝါ၏ အမျိုးသားသည် လက်ရှိတွင် စစ်ကော်မရှင် လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး တစ်ဦးဖြစ်သည်ဟု သိရသည်။

