ဆဲန်ထန်ဒေသအတွင်း ဌာနများအားလုံး ချင်းပြည်အလံ တိုင်ဝက်လွှင့်ထူရန် ညွှန်ကြား
(004SS)
ချင်ပြနယ်မြောက်ပိုင်းရှိ ဆဲန်ထန်ဒေသန္တရအစိုးရ၊ ဆဲန်ထန်ဗဟိုကောင်စီ (Senthang Central Council) ၏ အရေးပါသော အတွင်းရေးမှူးနှစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ဆဲန်ထန်နယ်မြေ တစ်နေရာတွင် ကျဆုံးသွားခဲ့ကြောင်း ဆဲန်ထန် ဗဟိုကောင်စီက ယနေ့ ဇွန်လ ၃၀ ရက်နေ့ တွင် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်သည်။
ကျဆုံးသွားခဲ့သည့် အဆိုပါ ခေါင်းဆောင်နှစ်ဦးမှာ ဆဲန်ထန်ဗဟိုကောင်စီ/ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ (SRF) ၏ ကာကွယ်ရေးအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဆလိုင်းထောင်ဇကျဲအို နှင့် လူမှုဖွံ့ဖြိုးရေးအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဆလိုင်းဘွေကျုံးလျန်းတို့ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးကျဆုံးမှုသည် ဆဲန်ထန် ဗဟိုကောင်စီနှင့် ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့တို့အတွက် ကြီးမားလှသော ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကာ အထူးဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဆဲန်ထန်ဗဟိုကောင်စီက “မိမိတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ဌာနများအားလုံး ချင်းပြည်အလံအား တိုင်ဝက် လွှင့်ထူခြင်းအားဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖော်ပြရန်” ဟု အသိပေးထားသည်။
အဆိုပါ အတွင်းရေးမှူးနှစ်ဦးသည် ဇွန်လ ၂၆ ရက်နေ့က အရေးကြီးကိစ္စတစ်ခုဖြင့် ခရီးသွားလာခဲ့ကြရာ သွားရောက်မည့် နေရာသို့ ရောက်ရှိမလာသဖြင့် လိုက်လံရှာဖွေခဲ့ကြကြောင်း၊ ထိုသို့ရှာဖွေရာတွင် ဆူရ်ခွာ ရွာအနီး လမ်းအောက်ဘက်၌ ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ် တိမ်းမှောက်လျက်ရှိသည်ကိုရှာဖွေတွေ့ရှိခဲ့ကြပြီး သွားရောက်စစ်ဆေးခဲ့ရာ အတွင်းရေးမှူး ၂ ဦးမှာ အသက်မရှိတော့ကြောင်း မြေပြင်သတင်းအရင်းအမြစ်နှင့် နီးသပ်သူထံမှ သိရသည်။
ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ရသည့် ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းထောင်ဇကျဲအိုတွင် ဇနီးနှင့် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရှိရသည်။

