(004SS)
ချင်းပြည်နယ်၊ ဇိုဖေရမ်းဒေသ နှင့် ဟားခါးမြို့သို့ ဆက်သွယ်ရာ လမ်းကြောင်းပေါ်ရှိ ပျက်စီးနေသော လမ်းပိုင်းများကို ပြန်လည်ပြုပြင်နေသည့် အတွက် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ၃ လကျော်ကြာ မော်တော်ကားကြီးများ ဖြတ်သန်း သွားလာခွင့်ကို ယာယီပိတ်ပင်သွားမည်ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီ (Zopheiram Council) က ဇွန် ၂၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုနှင့် CDF-Zophei တို့ ပူးပေါင်း၍ လမ်းပိုင်းများကို ပြုပြင်ထိန်းသိမ်းခဲ့ ကြသော်လည်း၊ ယခုအခါ လမ်းများ ပြန်လည်ပျက်စီးယိုယွင်းလာသဖြင့် ကျန်းမာရေးမကောင်း၍ ဟားခါးဆေးရုံသို့ သွားရောက်ကုသရမည့် လူနာများနှင့် ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရကြောင်း သိရသည်။
လင်ရှိတွင် ဇိုဖေဒေသနှင့် ဟားခါးမြို့ဆက်သွယ်ရာ Lawte ကားလမ်းပိုင်းအား အရေးပေါ် သာရေး၊နာရေးသွားလားရန် JCB မြေတူးစက်များဖြင့် လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။
“မိုးရာသီရောက်ပြီဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒုက္ခကတော့ ခရီးသွားတိုင်း ကြုံရတာပါပဲ။ အခုလည်း လောတဲလမ်း (Lawte Lam) လမ်းပိုင်းက မြေသားလမ်းဆိုတော့ တော်တော်ဆိုးတယ်။ ကားတွေညပ်တယ်။ လမ်းခုလတ်မှာ ညအိပ်ရတဲ့ အခြေအနေတွေတောင် ကြုံနေကြရပါတယ်။” ဟု ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် ယခု လုပ်ငန်းခွင်အတွင်း လမ်းများ ထပ်မံပျက်စီးမှုကို ကာကွယ်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ အောက်တိုဘာလကုန်အထိ Fordland (ဖော့ဒ်လန်း) ကဲ့သို့သော မော်တော်ကားကြီးများ လုံးဝ (လုံးဝ) ဖြတ်သန်း သွားလာခြင်း မပြုရန် ကန့်သတ်ထားသည်။
ဇိုဖေရမ်ကောင်စီက ၎င်းတို့ဒေသတွင်း ဖြတ်သန်းသွားလာမည့် ခရီးသွားမိဘပြည်သူများအနေဖြင့် JCB စက်များ လမ်း လုပ်ငန်းခွင် ဆောင်ရွက်နေချိန်တွင် အချိန်ဇယားများကို လေးစားလိုက်နာပေးကြရန်နှင့် ဒေသအကျိုးပြု လမ်းပြင်ဆင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကန့်သတ်ချက်များကို အပြည့်အဝ ပူးပေါင်းပါဝင် လိုက်နာပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ နှိုးဆော်ထားသည်။

