(006SV)
ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်ပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားရန် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကထုတ် ပြန်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇိုမီးအမျိုးသား ပါတီကို စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၄ ရက်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်သည်ဟု သိရသည်။
ရန်ကုန်မြို့အတွင်း ပါတီရုံးဖွင့်ထားသည့် ဇိုမီးအမျိုးသားပါတီသည် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီတည်ထောင်လိုသူ ၁၈ ဦးဖြင့် လျှောက်ထားချက်ကို စိစစ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကိုယ်စားလှယ်တစ်ဦးကို ခွင့်မပြုဘဲ ကျန် ၁၇ ဦးဖြင့် ခွင့်ပြုထားသည်ဟု ဇွန်လ ၂၄ ရက်က ပါတီထံ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ပါတီတည်ထောင်ခွင့် ရရှိသော ဇိုမီးအမျိုးသားပါတီအနေဖြင့် ခွင့်ပြုချက်ရရှိသည့် နေမှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ပါတီခေါင်းဆောင် ၁ ဦးနှင့် ဒုတိယ ခေါင်းဆောင် ၁ ဦးတို့ကို ရွေးချယ်၍ ကော်မရှင်ထံသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဟု သိရသည်။
ဇိုမီးအမျိုးသားပါတီသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဧပြီလ ၃၀ ရက်က လျှောက်ထားသည်ဟု သိရသည်။
လက်ရှိတွင် ဇိုမီးအမျိုးသားပါတီ (ZNP) တည်ထောင်လာမှုတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီဝင်ဟောင်းတချို့ ပါဝင်ကြသည်ဟု ချင်းနိုင်ငံရေးအသိုင်းအဝန်းမှ သိရပြီး ခိုနူမ်းသုန်အနေဖြင့် သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေသော် လည်း မရသေးပါ။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)သည် နိုင်ငံရေးပါတီ မှတ်ပုံမတင်ရန် ၊ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ထားသည်ဟု ယင်းပါတီမှတာဝန်ရှိသူက ပြောထားသည်။
ဇွန်လ ၂၄ ရက်အထိ နိုင်ငံရေးပါတီ ၁၉ ပါတီကို တည်ထောင်ခွင့် ပြုထားပြီး မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ၁၄ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း၊ ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင် ဆောင် ရွက်နေပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီကိုလည်း ပါတီတည်ထောင်ခွင့်ပြုထားပြီးဖြစ်သည်။