(006SV)
ရန်ကုန်မြို့တွင် ပါတီရုံးချုပ် (ယာယီ) ဖွင့်လှစ်ထားသည့် ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောက်မရှင်၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။
ဩဂုတ်လ ၇ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ ၄ လွှာ (ဘီ)၊ အမှတ် (၁၁၀) တွင် ပါတီရုံးချုပ် (ယာယီ) ဖွင့်လှစ်ထားရှိသည့် ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ဇိုမီးအမျိုးသားပါတီကို ဦးထန်ရှင်းခိုင်က ခေါင်းဆောင်ပြီး ပါတီလျှောက်ထားခြင်းဖြစ်ကာ ပါတီမှတ်ပုံတင်အမှတ်မှာ ၅၉ ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က ဇိုမီးအမျိုးသားပါတီကို ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လအတွင်း ပါတီ တည်ထောင်ခွင့် ကို ရရှိခဲ့ကာ နိုင်ငံရေးပါတီအဖြစ်သို့ မှတ်ပုံတင် ရရှိရေးကို ဇူလိုင်လအတွင်းမှာ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
စစ်အရာရှိ အငြိမ်းစားတဦးဖြစ်သည့် ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်သည့် ချင်းပြည်သစ် ကွန်ဂရက်ပါတီကိုလည်း ဇူလိုင်လအတွင်းက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုထားပြီဖြစ်သည်။
စစ်တပ်သည် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ခါနီးချိန်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့မှာ ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။
ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းပြည်နယ်အတွင်း စစ်တပ်၏ ရွေးကောက်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြောဆိုထားသည်။