(006SV)
ဇိုးလဲန်းအမျိုးသားတက္ကသိုလ် (NUZ) နှင့် မြန်မာ့နွေဦးတက္ကသိုလ်တို့အကြား နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ကဏ္ဍနယ်ပယ် ၇ ခုမှာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂ ရက်က အွန်လိုင်းမှတဆင့် ဇိုးလဲန်းအမျိုးသားတက္ကသိုလ် (NUZ)နှင့် မြန်မာ့နွေဦးတက္ကသိုလ် (MNOU) တို့ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။
နားလည်းမှု စာချွန်လွှာတွင် တက္ကသိုလ် ၂ ခုစလုံးသည် ဆရာများနှင့် သုတေသနပညာရှင်များ လဲလှယ်ခြင်း၊ ကျောင်းသား/သူများ လဲလှယ်ခြင်း၊ ပူးတွဲသုတေသနများနှင့် ကွန်ဖရင့်များ ပြုလုပ်ခြင်း၊ ပူးတွဲပညာရေးအစီအစဉ် တိုးတက်ရရှိအောင် ဆောင်ရွက်ခြင်းနှင့် မြှင့်တင်ဖော်ဆောင်ခြင်း၊ ပူးတွဲ လူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းများ ဖော်ဆောင်ခြင်း၊ ပညာရေးဆိုင်ရာ အချက်အလက်များနှင့် စာအုပ်စာတမ်းများ လဲလှယ်ခြင်း၊ အရင်းအမြစ်များ ပူးတွဲသုံးစွဲခြင်း တို့ ပါဝင်သည်ဟု သိရသည်။
NUZ နှင့် MNOU တို့၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် NUG အစိုးရ၊ ပညာရေး ဝန်ကြီးဌာန ဝန်ကြီး ဂျာထွယ်ပန်၊ NUZ ၏ ဒုတိယ အဓိပတိ Dr Kenton Lin၊ MNOU ၏ အဓိပတိ Dr Win Sein ၊ ပညာရေးဝန်ကြီးဌာန ၊ မူဝါဒရေးရာဌာန တာဝန်ခံ ဒေါက်တာအောင်အောင်မင်း၊ နွေဦးအောင်မြေ ပညာရပ်စုံတက္ကသိုလ် ဒုတိယအဓိပတိ Dr Treza တို့မှ အဖွင့်အမှာစကား ပြောကြားသည်ဟု သိရသည်။
ပညာရေးဝန်ကြီးဌာန အထူးဧည့်သည်တော် Dr Bagyi Myo၊ ဇိုလဲန်းအမျိုးသားတက္ကသိုလ်မှ ကောင်စီဝင် Dr Leng၊ မြန်မာ့နွေဦးတက္ကသိုလ်မှ ဒုတိယအဓိပတိ ဆရာကြီး Dr Wings တို့မှ အပိတ်စကားပြောကြားပြီး တက္ကသိုလ်နှစ်ခုမှ တာဝန်ရှိသူများလည်း တက်ရောက်သည်ဟု သိရသည်။

