မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှု အန္တရာယ် သတိပြုရန်လို
(006SV)
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့် ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၁ ခုမှာ မိုးကြီးနိုင်ကြောင်း သိရသည်။
ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း (အရှေ့ပိုင်း)၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီနှင့် တနင်္သာရီ စသည့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် နှစ်ပတ်ကြာအထိ နေရာစိပ်စိတ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများမှာ နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု စစ်အစိုးရ၏ မိုးဇလဌာနက ဇူလိုင်လ ၈ ရက် နံနက် ၈ နာရီမှာ ထုတ်ပြန်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်များ ကျရောက်နိုင်ပြီး လှိုင်ကြီးနိုင်သကဲ့သို့ မိုးသက်လေပြင်ကျစဉ် ရေပြင်၊ လေပြင်လေသည် တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေ မှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုင်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့် ဒေသအနီးမှာ နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို သတိပြု နေထိုင်ရန် နှိုးဆော်ထားသည်။
မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာများ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလဌာနက ထုတ်ပြန်သည်။
ချင်းပြည်နယ်က ဒေသတချို့တွင် မိုးအဆက်အမပြတ် ရွာသွန်းမှုကြောင့် ဇိုတုန်ဒေသ၊ ဂန့်ဂေါ- အိုက်ကာလမ်း ၄၆ မိုင် တောင်ပြိုကြီးနေရာတွင် မြေထပ်မံပြိုကာ လမ်းပိတ်နေပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှင်းလင်းဖယ်ရှားရန် ခက်ခဲနေသည့်အတွက် ဇူလိုင်လ ၈ ရက်မှသာ ဆောင်ရွက်နိုင်မည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက ဇူလိုင်လ ၅ ရက်မှာ ထုတ်ပြန်သည်။
ထန်တလန်မြို့နယ်တွင်လည်း ဟားခါးနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်ထားသော ကားလမ်းများသည် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးနေပြီး ကုန်စည်ကူးသန်းရောင်းဝယ်ရန် ခက်ခဲလာနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်အထိလည်း ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဟု မိုးဇလဌာနက ဇွန်လကုန်မှာ အသိပေးထုတ်ပြန်ခဲ့သည်။
ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိသည် မြန်မာမှာ ယခုနှစ်အတွက် မိုးလယ်ကာလအဖြစ် သတ်မှတ်ထားပြီး မိုးလယ်ကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၄) ကြိမ် ဖြစ်ပေါ်နိုင်သကဲ့သို့ ၂ ကြိမ်က ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးဇလဌာနထံမှ သိရသည်။

