(006SV)
စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးက စစ်ကောင်စီပူးပေါင်းတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းလာပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။
တမူးမြို့အနီးက ကျွန်းပင်သာ နှင့်မင်းသာရွာတို့က စစ်ကောင်စီ ခလရ – ၂၂၈ တပ်၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-IM) တပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) တို့ ပူးပေါင်းတပ်စွဲထားသော စစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
“တိုက်ပွဲကလည်း ပိုပြင်းထန်လာတယ်။ သူတို့ဘက်က စစ်ကူတွေနဲ့ ထပ်ဖြည့်အင်အားတွေ စေလွတ်နေလို့ပါ။ အခုလောလောဆယ်တော့ ကုန်းကြောင်းကပါ။ တိုက်ပွဲက ဒီနေ့အထိ ဆက်တိုက်ဖြစ်နေတာပါပဲ” ဟု ကူကီးအမျိုးသားတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဇန်နဝါရီလ ၂၇ ရက်မှစတင်၍ ယနေ့ ၃၁ ရက်အထိ တမူးမြို့အနီးက စစ်စခန်းများကို တမူးခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် ကူကီးအမျိုးသားတပ်မတော် KNA (B) တို့က ၅ ရက်ကြာအထိ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာကို ကုန်းကြောင်းဖြင့် တပ်အင်အားများ ဖြည့်တင်းနေပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများတွင် ၎င်းတို့တပ်ဖွဲ့ဝင်များရှိသော နေရာများကိုပါ ကြဲချတိုက်ခိုက်မှုများလည်း ပြုလုပ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု များပြားပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း ကူကီးအမျိုးသားတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တမူးမြို့တွင် စစ်ကောင်စီတပ် ခလရ – ၂၂၈ တပ်ဖွဲ့ဝင်မှာ အနည်းငယ်သာရှိပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီတပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။
၂၀၂၅ နှစ်ဆန်းပိုင်းကစတင်၍ တမူးမြို့သိမ်းတိုက်ပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ပြီး တိုက်ပွဲမဖြစ်မှီကပင် တမူးအထက်ပိုင်းတကြောက ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်ကြကြောင်း သိရသည်။