(006SV)
တမူးမြို့တွင် စစ်ဘေးတိမ်းရှောင်နေသည့် ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာမှ ဒေသခံ ချင်းလူမျိုး လင်မယား ၂ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဇွန်လ ၂၂ ရက်က တမူးမြို့တွင် စစ်ဘေးတိမ်းရှောင်နေသော အသက် ၃၀ ကျော်အရွယ်ရှိသည့် ဦးခွိုလ်စိန်မောင် (Khual Sian Muang) နှင့် ဒေါ်ဇမ်ငိုင်နိန် (Zam Ngaih Niang) တို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ပြည်တော်သာကျေးရွာမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူတို့ ဇွန်လ ၂၂ ရက်က အသတ်ခံရတယ်လို့ ကြားတယ်။ ဘယ်သူက သတ်တယ်၊၊ ဘယ်လိုဒဏ်ရာတွေနဲ့ဆိုတာတော့ အသေးစိတ် မသိဘူး။ သူတို့က တမူးမြို့ဘက်မှာ နေတာပါ” ဟု ပြည်တော်သာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
တမူးမြို့ဒေသခံတစ်ဦးကတော့ အဆိုပါသတ်ဖြတ်ခံရသူ ဇနီးမောင်နှံ ၂ ဦးသည် ကလေး- တမူး တိုက်ပွဲများ ဖြစ်ပွားနေချိန်အတွင်း အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ပြောသည်။
“တမူးဘက်ကို စစ်ရှောင်ဖို့ သွားရင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းစီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ကလေး-တမူး တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ အသတ်ခံရတာပါ။ ဒီတိုင်းပဲ သတ်သွားတာ” ဟု တမူးမြို့ဒေသခံတစ်ဦးက ပြောသည်။
ကလေး – တမူးလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်သည် ဇွန်လ ဆန်းမှ စတင်၍ ကလေးမြို့မှ စစ်ကြောင်း တစ်ကြောင်း၊ တမူးမြို့မှ စစ်ကြောင်းတစ်ကြောင်း၊ မော်လိုက်မြို့မှ စစ်ကြောင်းတို့ဖြင့် အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင် နေရာ တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ခမ်းပတ်အပါအဝင် ကျေးရွာပေါင်း ၅၀ ခန့်မှ ဒေသခံပြည်သူ ထောင်ချီလည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။
Photo- Pyidawtha Baptist Church

