(002MG)
စစ်ကိုင်တိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ် နန်မွန်းတားကျေးရွာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ သေနတ် ၉ လက်သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသကထုတ်ပြန်သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ စိုးမိုးထားသည့် နန်မွန်းတားကျေးရွာသို ရန်ငြိမ်းအောင်ကျေးရွာမှ ခလရ – ၂၂၈ နှင့် ပြည်သူ့ စစ် ပူးပေါင်းအင်အား (၈၀) တို့ သည် ဩဂုတ်လ (၅) ရက်နေ့တွင် စတင်ထိုးစစ်ဆင်လာရာတွင် စတင် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၂၀) ကျော်ရှိပြီး လက်နက် (၉) လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်ဟုဖော်ပြသည်။
နန်မွန်းတားကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဖက်မှ ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ဩဂုတ်လ (၈) ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားသော်လည်း တံတားဦးမှ တက်လာသည့် Yak-130 (၁) စီးသည် ပေါင် (၂၅၀) ဗုံး နှစ်လုံးဖြင့် နန်မွန်း တားကျေးရွာရှိ ဘုရား ကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် MIG-29 (၁) စီးဖြင့်လည်း Cluster ဗုံးကြဲတိုက်ခိုက်ခဲ့ကာ OWA အသေခံဒရုန်းအမျိုးအစားများ စစ်ကောင်စီသည် အသုံးပြုခဲ့ကြောင်း အမှတ် (၁) စစ်ဒေသတွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲတွင် တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင်စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA (B)၊ NLA နှင့် CNA တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှ ရဲဘော် (၅) ဦး ကျဆုံးခဲ့ရပြီး လက်နက် (၃)လက်လည်း ဆုံးရှုံးခဲ့ရကြောင်း အမှတ် (၁) စစ်ဒေသက ဖော်ပြထားသည်။