(006SV)
တော်လှန်ရေးကာလ ချင်းပြည်ကို ဦးဆောင်မည့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၅ ခုဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့က ချင်းလဲန်းကောင်စီက ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။
ယင်းဝန်ကြီးဌာနအနက် ပြည်ထဲရေးဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်၊ အခက်အခဲ စိန်ခေါ်မှုအခြေအနေ၊ တရားဥပဒေ စိုးမိုးရေး၊ ရဲတပ်ဖွဲ့ဖွဲ့စည်းရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့်အခြေအနေများကို သိရှိနိုင်ရန် ချင်းပြည်အစိုးရအဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး Pu Robin ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းသည်။
မေး – ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ထောင်အပြီး ၁ နှစ်အကြာမှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့ပါသလဲ။ ဘာတွေ အောင်မြင်မှု ရှိထားပါသလဲ။
ဖြေ – ချင်းပြည်အစိုးရ တည်ထောင်တာ ၁ နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ဟာ ကိုယ်ပိုင် ဥပဒေပြုပြီး ဖွဲ့စည်းရတဲ့ အစိုးရဖြစ်ပါ တယ်။ အစိုးရဆိုတာ ဥပဒေနဲ့ပဲ အလုပ် လုပ်ရတာဖြစ်တဲ့အတွက် ဥပဒေတွေကို စပြီးတော့ ရေးဆွဲပါတယ်။ ဥပဒေရေးဆိုတာမှာ ကိုယ့်သဘောနဲ့ကိုယ်၊ အာဏာရှင်လို ရေးဆွဲလို့ မရတဲ့အတွက် ပြည်သူတွေကို ကွင်းဆင်းပြီး စည်းရုံးတာတွေ လုပ်တယ်။ ရှင်းပြတာတွေ လုပ်တယ်။ ပြီးရင် ခေါင်းဆောင်ပိုင်းတွေ ပါဝင်တဲ့ workshop တွေကို သုံး/လေးကြိမ် ပြုလုပ်ခဲ့တယ်။ ပြီးတော့ ဒေသစုံက ပါဝင်တဲ့ ကိုယ်စားလှယ်တွေ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဥပဒေကြမ်းကော်မတီ ကနေ ဖြတ်သန်းပြီးတော့ ရေးဆွဲတယ်။ နောက်ပြီးတော့ လွှတ်တော်ကို ဖြတ်သန်းတယ်။ အဲဒီကနေ ဥပဒေတွေ ဖြစ်လာတဲ့အခါမှာ အဲဒီဥပဒေနဲ့အညီ လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရတာဖြစ်တဲ့အတွက် တနှစ်တာမှာတော့ အဲဒါတွေပဲ လုပ်ဖြစ်ပါတယ်။
မေး – အခုလက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေဆောင်ရွက်နေပါသလဲ။
ဖြေ- ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အသင်းအဖွဲ့ ဥပဒေတွေ ရေးဆွဲပြီး အသင်းအဖွဲ့တွေ မှတ်ပုံတင်ဖို့နဲ့ ၊ ဒီအသင်းအဖွဲ့တွေက ချင်းလဲန်းကောင်စီ စိုးမိုးနယ်မြေထဲမှာ တရားဝင်လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နံပါတ် ၂ကတော့ ရဲတပ်ဖွဲ့တွေကို ဖွဲ့စည်းနိုင်ဖို့အတွက် Workshop တွေ လုပ်ပါတယ်။ CDM ရဲတပ်သားတွေကို ဦးစားပေးပြီးတော့ပေါ့နော်။ ဘယ်နည်းဘယ်ပုံ သွားကြမလဲ၊ ဘယ်လို ခံယူချက်နဲ့ သွားကြမလဲ၊ ဘယ်လိုပုံစံနဲ့ သွားကြမလဲဆိုတာ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ အဲဒီအတိုင်း ဒေသတွေကို ကျနော်တို့က အကြံပြုတယ်။ အဲဒီဆုံးဖြတ်ချက်တွေနဲ့အညီ ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ ဒေသတွေ အကုန်လုံးကို ပြောကြားပြီးတော့ ဒေသတွေမှာ ဒေသန္တရ ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့လည်း ညွှန်းကြားထားတာ ရှိသလို မဖွဲ့စည်းနိုင်တဲ့ ဒေသတွေလည်း ကျန်နေပါသေးတယ်။ ချင်းလဲန်းမှာ ဒေသန္တရတွေ အားလုံးကို ပြန်ပြီး ရဲလုပ်ငန်းနဲ့ ပတ်သက်လို့ သင်တန်းတွေ ပေးဖို့အတွက် ကျွမ်းကျင်ဝန်ထမ်းတွေ ခန့်ထားပါတယ်။ CDM ရဲမှူးတွေကိုလည်း ခန့်ထားတာ ရှိပါတယ်။ သူတို့တွေနဲ့ ကျနော်တို့ ဘဏ္ဍာရေးအခြေအနေတွေ အဆင်ပြေလာမယ်ဆိုရင် ရဲတပ်ဖွဲ့တွေကို ခေါ်ပြီးတော့ ရဲလုပ်ထုံလုပ်နည်းတွေ၊ ရဲလုပ်ပိုင်ခွင့်၊ ရဲအရေးပိုင်၊ ရဲအရေးမပိုင်ဆိုတာတွေကို သင်တန်းပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
မေး – ချင်းပြည်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ဘယ်လိုမျိုး လုပ်ငန်း လည်ပတ်ပါသလဲ။ ပြည်သူတွေကို ဘယ်လို ဝန်ဆောင်မှုပေးဖို့ ပြင်ဆင်နေပါသလဲ။
ဖြေ – ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့က ပထမက အုပ်ချုပ်ရေး၊ ဒုတိယက ရဲတပ်ဖွဲ့၊ တတိယက အသင်းအဖွဲ့ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့မှာကတော့ အကျဉ်းဦးစီးတွေလည်း ပါဝင်လာတယ်။
မေး – တော်လှန်ရေးကာလအတွင်း လက်ရှိချင်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ – ချင်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှုက ဘယ်အစိုးရပဲ တက်သည်ဖြစ်စေ ပြသနာဆိုတာ အမြဲတမ်း ရှိနေပါတယ်။ ဒီပြသနာ တွေကို ဖြေရှင်းနိုင်ဖို့ ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး လုပ်ဆောင်နေတာ ရှိတယ်။ ဒါပေမယ့် နိုင်ငံပျက်စီးနေတဲ့ အချိန်မှာ တော်လှန်ရေး ကာလ လုပ်ရတဲ့အချိန်မှာ ၊ ဟိုဘက်ကလည်း မစိုးမိုး၊ ဒီဘက်ကလည်း မစိုးမိုးနဲ့ ကြားနေကာလတွေ ဖြစ်တဲ့အခါမှာ ပြည်သူ တွေကို ထိခိုက်စေမယ့် တရားမဝင် မူးယစ်းဆေးဝါး လုပ်တာမျိုးတွေက လက်လှမ်းမမှီတာတွေ အများကြီး ရှိနေတယ်။ တချို့တဝက်ကိုပဲ ကျနော်တို့ ဖမ်းမိတာ၊ ထိန်းသိမ်းနိုင်တာ ရှိပါတယ်။
မေး – အဲဒါတွေကို ဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ – တရားဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေး အဆင်မပြေရင်၊ လုပ်ငန်းတွေကို ထိရောက်တဲ့ စနစ်တကျ မဆောင်ရွက်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့ တော်လှန်ရေးက စကစကို နိုင်ရင်တောင်မှ ကျနော်တို့ဟာ ကျဆုံးမှာပဲ ဖြစ်တယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေကြားမှာ ဖရိုဖရဲဖြစ်သွားမယ်။ ဥပဒေစိုးမိုးမှုတွေ ကင်းကွာသွားမယ်။ မူးယစ်ဆေးဝါးတွေ လက်လွတ်စပယ်ရောင်းဝယ်လာမယ်။ တရားဥပဒေ ကင်းမဲ့သွားမယ်ဆိုရင် ချင်းပြည်၊ ချင်းလဲန်းဟာဆိုရင် စကစကို နိုင်ရင်တောင်မှ ပြိုကွဲပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာကို စည်းရုံးခြင်း၊ ပညာပေးခြင်း၊ ဆွေးနွေးပွဲတွေ လုပ်ခြင်း၊ ဥပဒေလမ်းကြောင်းနဲ့အညီ လုပ်နိုင်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ ကျနော်တို့ အခက်အခဲက ဘဏ္ဍာရေး အခက်အခဲပါ။ တော်လှန်ရေးကာလမှာ လက်နက်ခဲယမ်းတွေရဲ့ တန်ဖိုး အရမ်းဈေးကြီးပါတယ်။ ဒီလိုအခြေအနေမှာ ဥပဒေတွေကို ပညာပေးဖို့၊ ဥပဒေကျွမ်းကျင်သူတွေကို ထောက်ပံ့ကြေးတွေ ပေးဖို့ဆိုတာ ကျနော်တို့အနေနဲ့က၊ ချင်းလဲန်းအစိုးရဟာ မူးယစ် ဆေးဝါးတို့၊ လောင်းကစားတို့နဲ့ ကင်းပြီး သန့်သန့်ရှင်းရှင်းနဲ့ ရပ်တည်ဖို့ ကြိုးစားတဲ့ အစိုးရတရပ်ဖြစ်ပါတယ်။ အဲလိုအခါမှာ ငွေကြေး ရရှိမှုကလည်း တော်တော်လေး ခက်ခဲပါတယ်။ ဒါကြောင့် ဒီလိုဝန်ထမ်းတွေကို ထောက်ပံ့ကြေးတွေ မပေးနိုင်တာ၊ ပညာပေးမှုတွေ မလုပ်နိုင်တာဟာ တော်တော်လေး လစ်ဟာနေတဲ့ အချက်ဖြစ်ပါတယ်။
မေး – ချင်းပြည်အစိုးရရဲ့ ရဲတပ်ဖွဲ့ကို တည်ထောင်နေမှုအကြောင်း သိချင်ပါတယ်။ မြို့နယ်နဲ့ ဒေသ ရဲတပ်ဖွဲ့တွေ ဘယ်နှစ်ခု တည်ထောင်ထားပါပြီလဲ၊ ဘယ်လောက်ကျန်ပါသေးလဲ။
ဖြေ – လောလောဆယ် ချင်းပြည်ချင်းလဲန်းမှာ ပါဝင်တဲ့ ဒေသန္တရအစိုးရက ၁၇ ဖွဲ့ ရှိလာပြီ။ အဲဒီအဖွဲ့ထဲမှာ နောက်ဆုံးမှ ဝင်လာတဲ့အဖွဲ့တွေဟာဆိုရင် တော်တော်လေးအခက်အခဲဖြစ်နေပါတယ်။ သူတို့တွေဟာဆိုရင် ဝင်ခါစပဲ ဖြစ်ပြီတော့ ဖွဲ့စည်းရပ်တည်မှုမှာ သူတို့မှာ အခက်အခဲတွေ အများကြီး ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့ မဖွဲ့သေးနိုင်တာက ၇ ဖွဲ့ရှိပါတယ်။ ဖွဲ့စည်းပြီးသာက ၁၀ ဖွဲ့ ရှိပါတယ်။ အဲ ၁၀ ဖွဲ့ထဲမှာမှ ပိုကျစ်စွာ ဖွဲ့စည်းနိုင်တာက ၅ဖွဲ့၊ ၆ ဖွဲ့ဖြစ်ပြီးတော့ ကျန်အဖွဲ့တွေက စတင်ဖွဲ့စည်းပြီး ကျနော်တို့ သင်တန်းပေးပို့၊ ပညာပေးဖို့ စောင့်နေတဲ့ ဒေသတွေဟာဆိုရင် ၃ခု၊ ၄ ခုရှိနေပါတယ်။
မေး – ရဲတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်မှုမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရပါသလဲ။
ဖြေ – ကျနော်တို့ ဒေသအားလုံးကို ရဲတပ်ဖွဲ့တွေ ဖွဲ့ပါ။ တရားရုံးတွေက ဆုံးဖြတ်လာတဲ့အချိန်မှာ ရဲတပ်ဖွဲ့တွေအနေနဲ့ ပါဝင်ဆောင်ရွက်မှုက လိုအပ်နေတဲ့အတွက် ဒေသတိုင်းမှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပါဆိုတာကို အစည်းအဝေးတွေမှာ မှာကြားခဲ့ပါတယ်။ အဲ workshop (အစည်းအဝေး) လုပ်တော့လည်း ဒေသ ၂ခု၊ ၃ ခုက မဝင်ရသေးပါဘူး။ အဲဒါကြောင့် Workshop ပြန်လုပ်ဖို့ လိုတယ်။ ခုချိန်မှာ ဒေသန္တရအဖွဲ့တွေမှာ သွားရေးလာရေး လိုအပ်သလို၊ စာရွက်စာတမ်းတွေ၊ ရဲလုပ်ထုံးလုပ်ငန်းတွေ၊ မူခင်းစစ်တာတွေ၊တရားရုံးက တာဝန်ပေးလာရင် ရဲအရေးပိုင်နဲ့ ရဲအရေးမပိုင်တာတွေကို ခွဲခြားသိဖို့က ပညာပေးဖို့ လိုအပ်နေပါ တယ်။ ဒါကြောင့် ဘဏ္ဍာရေး အခက်အခဲတွေ အများကြီးရှိတယ်။ ဒေသ ၁၇ ခုက လာမယ့် လူတွေရဲ့ စားရိတ်တွေ၊ သွားလာ စရိတ်တွေက ကုန်ကျစရိတ် များတယ်။ ဒီသင်တန်းတွေ ကောင်းကောင်းပေးနိုင်မှ သူတို့ လုပ်ဆောင်ရမယ့် ဥပဒေ စိုးမိုးရေး လုပ်ငန်းကို စနစ်တကျ လုပ်ဆောင်နိုင်မယ်။ အစိုးရရဲ့ ရသုံးတွေမှာဖြစ်စေ၊ ရှေ့လုပ်ငန်းတွေမှာဖြစ်စေ ထည့်ရေးထားပေမယ့် ဘဏ္ဍာရေးအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ လူသားအရင်းအမြစ်မှာက ရဲ CDM တွေက တော်တော်များတယ်ဆိုတော့ လုပ်ပေးနိုင်တဲ့ လူတွေက ရှိပါတယ်။ နိုင်ငံခြားက လာတဲ့ ကိုယ်စားလှယ်တွေ၊ လမ်းညွန်ပေး နိုင်သူတွေ ရှိရင်လည်း သင်တန်းတွေ ဖော်ဆောင်တဲ့အချိန်မှာ နိုင်ငံတကာအဆင့်အထိ ပို့ချပေးနိုင်တဲ့ လူတွေရှိရင်လည်း ကျနော်တို့အနေနဲ့ အားရဝမ်သာစွာနဲ့ ဖိတ်ခေါ်လိုပါတယ်။
မေး – တော်လှန်ရေးကာလမှာ ချင်းပြည်အစိုးရရဲ့ ရဲတပ်ဖွဲ့ကို တည်ထောင်နေမှုမှာ ပြည်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ရမှာလဲ။ ချင်းပြည်ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ဘယ်လိုဖော်ဆောင်ဖို့ ကြိုးပမ်းနေပါသလဲ။
ဖြေ – ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံမှာက လာဘ်ပေးလာဘ်ယူ လုပ်တတ်တဲ့အဖွဲ့လို့ပဲ မြင်ကြပါတယ်။ ဥပဒေကို အသုံးချပြီးတော့ လိမ်တတ်တဲ့ လူတွေလို့ပဲ မြင်တယ်။ ကျနော် မြင်သလို၊ အများလည်း မြင်ကြမယ်လို့ ယူဆတယ်။ ဒါကြောင့် ရိုးရိုးသားသားနဲ့ အဂတိ အနည်းဆုံးအထိ ကင်းစင်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားတတ်တဲ့ ရဲတပ်ဖွဲ့အဖြစ် ပြည်သူတွေ မြင်တွေ့စေလိုတဲ့ ဆန္ဒ ကျနော်မှာ ရှိပါတယ်။
မေး – အုပ်ချုပ်ရေးကဏ္ဍ အကောင်အထည်ဖော်နေမှု အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးစတင်တဲ့အခါမှာ ဒေသအသီးသီးကနေ သူတို့ဒေသမှာ မတရားမှုကို မကျေနပ်တဲ့ လူတွေက စုဖွဲ့ပြီးတော့ CDF ဆိုပြီးတော့ ဒေသအလိုက်၊ ပေါ်ထွန်းလာတဲ့အခါမှာ အဲဒီအချိန်မှာပဲ စကစကလည်း နောက်ကို ဆုတ်သွားတယ်ဆိုတော့ စကစကလည်း မအုပ်ချုပ်၊ ဒေသတွေကလည်း မအုပ်ချုပ်နဲ့ ဒေသအုပ်ချုပ်ရေး ပျက်ပြားသွားတဲ့ အခြေအနေမှာ ဒေသအလိုက် ပေါ်ပေါက်လာတဲ့ CDF တွေက အုပ်ချုပ်ရေးကိုပါ တွဲပြီးတော့ လူကြီးတွေနဲ့ ညှိနှိုင်းပြီး ဖော်ဆောင်လာတယ်။ ဒေသအလိုက် အုပ်ချုပ်ရေး အသီးသီးပေါ်လာတယ်လို့ ပြောရမယ်။ တဒေသနဲ့ တဒေသ ချိတ်ဆက်မှု မရှိဘူး။ ချင်းလဲန်းဒေသတခုလုံးအနေနဲ့ အုပ်ချုပ်ရေး မရှိဘူး။ အဲလိုကနေ စတင်ခဲ့တယ်ဆိုတဲ့ အခြေခံအကြောင်းတရားကို အရင်းစဉ်းစားဖို့ လိုပါတယ်။ အဲဒီနောက်မှာ လူကြီးတွေက အားလုံးပေါင်းပြီးတော့ ချင်းလဲန်းဆိုတာ တည်ဆောက်ရမယ်။ အုပ်ချုပ်ရေးစနစ်တကျ ရှိအောင် ဖော်ဆောင်ရမယ်ဆိုပြီး ၂၀၂၃ ချင်းအခြေခံဥပဒေပေါ်လာပြီးနောက်ပိုင်းမှာ CC ကနေ သူ့အောက်မှာ မဏ္ဍိုင်ကြီး ၃ ရပ်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုပြီး ဖွဲ့စည်းနိုင်ခဲ့တယ်။ စစချင်မှာ ချင်းလဲန်းကောင်စီမပေါ်ခင်မှာ ဒေသအလိုက် ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေးတွေက စပြီးတော့ ဖြစ်ခဲ့တာတွေက ဒီနေ့အထိ ဖြစ်နေဆဲပါ။ ချင်းလန်းကောင်စီက တနှစ်ပေါ်လာပြီးချိန်မှာ အားလုံး မစုစည်းသေးဘူးလားဆိုတော့ သဘောတရားတော့ စုစည်းပါတယ်။ အစိုးရတရပ်ဆိုတာ ဥပဒေနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် စစချင်မှာ ရုံးလည်ပတ်အောင် ရုံးဆောက်တာ၊ ဝန်ထမ်းခေါ်တာ လုပ်ရတာနဲ့ ၃/၄ လက အချိန်ကုန်သွားတယ်။ အခုချိန်မှာ ချင်းလဲန်းအစိုးရရဲ့ ၂၀၂၃ အခြေခံဥပဒေက ရှိနေပြီဖြစ်ပေမယ့် ဒေသန္တရနဲ့ အစိုးရ ချိတ်ဆက်ရမယ့် ဥပဒေ၊ ဒေသန္တရအုပ်ချုပ်ရေးဥပဒေကတော့ လွှတ်တော်ဆီကို ရောက်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ အတည်မပြုနိုင်သေးပါဘူး။ အဲဒါအတည်ပြုနိုင်မှ အဲဒီဥပဒေနဲ့အညီ နည်းဥပဒေတွေ ဆက်လက်ဖော်ဆောင်ပြီးတော့ ချိတ်ဆက်လုပ်ဆောင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးဥပဒေဟာဆိုရင် မကြာခင်မှာ ပေါ်လာပြီးတော့ အရင်ကတော့ နားလည်မှုနဲ့ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ တရားဝင်အနေနဲ့ ဆက်သွားမှာဖြစ်ပါတယ်။
မေး – UNODC က ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုက ၂၀၂၄ မှာ ၁၈ ရာခိုင်နှုန်း မြင့်တက်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်မှာ ဘိန်းစိုက်ခင်းတွေက ဘာကြောင့်တိုးလာလဲ။ ဒါတွေကို ဘယ်လိုကိုင်တွယ်သွားဖို့ ရှိပါသလဲခင်ဗျာ။
ဖြေ – ချင်းပြည်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးဖြစ်စေ၊ လောင်းကစားဖြစ်စေ တရားမဝင်မှုတွေနဲ့ ငွေရှာမှု အားလုံးကို ကန့်ကွက်တယ်။ စောစောက ပြောသလို ဥပဒေက အတည်မဖြစ်သေးဘူး။ ဘိန်းစိုက်ပျိုးမှုတွေ တိုးပွားလာတယ်ဆိုတာ အမှန်ဖြစ်ပါတယ်။ ကျနော်တို့လည်း ကြားသိနေရပါတယ်။ ဒီလိုခေတ်ပျက်နေချိန်မှာ မကောင်းတဲ့ လုပ်ငန်းတွေ ကြီးထွားတယ်ဆိုတာ ဒါဟာ အမှန်ပါ၊ ငြင်းစရာ မရှိပါဘူး။ အစိုးရအနေနဲ့က တရားဝင်ဖြစ်လာတဲ့အခါမှာ ဘယ်လိုနည်းနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမလဲ ဒီလိုမူးယစ်ဆေးဝါးစိုက်ပျိုးမှုတွေဟာ ကျနော်တို့ ပြည်ရဲ့ ကြီးမားတဲ့ ပျက်စီးရာ လမ်းကြောင်းတခုဖြစ်ပါတယ်။ ကျနော်တို့ ဒါကို လုံးဝဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့၊ နားလည်တတ်ကျွမ်းသူတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ အခုကတည်းက ဆောင်ရွက်နေပါတယ်။
မေး – ပြည်ထဲရေးဝန်ကြီးဌာနမှာ အနာဂါတ်စီမံကိန်းတွေအနေနဲ့ ဘာတွေ ချမှတ်ပြီး ဆောင်ရွက်နေပါသလဲ။
ဖြေ – ချင်းလဲန်းအစိုးရက ၂ နှစ်ပဲ သက်တမ်းဖြစ်ပါတယ်။ အခုက တနှစ်သက်တမ်း ကုန်သွားပြီးဆိုတော့ နောက်ထပ် ၁ နှစ်ပဲ ကျန်ပါတော့တယ်။ ဖြစ်စေချင်တာက ကျစ်လစ်၊ တိကျပြီးတော့ စနစ်ကျတဲ့ အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ဖို့က အဓိက ကျပါတယ်။ ကျနော်တို့ တော်လှန်ရေးက ကံကောင်းရင် ၁ ရက်၊ ၂ ရက်နဲ့လည်း ပြီးသွားနိုင်တယ်။ ကံမကောင်းရင်တော့ ၃/၄/၅ နှစ်လည်း ကြာနိုင်တာပေါ့နော်၊၊ ဒါပေမယ့် အုပ်ချုပ်ရေးစနစ်တည်ထောင်တဲ့အခါမှာ ကျနော်တို့လို ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ စတဲ့ အကွဲအပြား များပြားလှတဲ့ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး တည်ထောင်ဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဒီဟာကို ကျော်လွှားနိုင်မှသာလျှင် တကယ့်ချင်းလဲန်းတည်ဆောက်မှုဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။ ကျနော်တို့ စကစ နိုင်ယုံနဲ့ ချင်းလဲန်းကြီး ဖြစ်မလာနိုင်ပါဘူး။ စနစ်ကျတဲ့ အုပ်ချုပ်ရေးစနစ် ကောင်းကောင်း ဖြစ်လာမှ ရှေ့ဆက်ပြီး တချိန်လုံးသွားရမယ့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်တာဖြစ်တဲ့အတွက် ဒါတွေကို အခြေခံကျကျလေး၊ စနစ်တကျ ဖော်ဆောင်ဖို့အတွက် ပြည်သူတွေ၊ ဒေသဆိုင်ရာအကြီးအကဲတွေ အားလုံးက နားလည်သဘောပေါက်ပြီး အကောင်းဆုံး အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ဖို့ ဒီအုပ်ချုပ်ရေး ဥပဒေပေါ်လာရင် အုတ်မြစ်ချသွားဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ သက်တမ်းက ၁ နှစ်ပဲ ကျန်တယ်။ နောက်လုပ်ကိုင်မယ့် လူတွေအတွက် လှေကားအဆင့် ၁၀၀ လိုတယ်ဆိုရင် ကျနော်တို့က ၁ ဆင့်၊ ၂ ဆင့်ကို ကောင်းကောင်းမွန်မွန်လေး အခြေခံလေး ချသွားချင်ပါတယ်။
မေး – ပြည်ထဲရေးဝန်ကြီးဌာနက လက်ရှိကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပါသလဲ။ ဘယ်လိုဖြတ်ကျော်နေရပါသလဲ။ ဘယ်လိုအကူအညီတွေ လိုအပ်ပါသလဲ။
ဖြေ – ချင်းလဲန်းတည်ဆောက်ရေး လုပ်လာတဲ့အခါမှာ စေတနာ အားလုံးပါကြပါတယ်။ အသက်တွေတောင် ပေးဆပ်ထားတဲ့ လူတွေအများကြီးပါ။ ဒါပေမယ့် အလုပ်သဘောမှာ အသွားအလာတွေကို နားလည်တဲ့ လူ၊ အများကြီး လိုအပ်နေပါတယ်။ လူသားအရင်းအမြစ်တွေ အများကြီး လိုအပ်နေပါတယ်။ ကျနော်တို့ နားလည်သဘောပေါက်မှုမှာ ဒေသအများကြီးနဲ့ တွေ့ကြုံဆက်ဆံလာရတဲ့အခါမှာ စေတနာတွေ အများကြီး ပါပေမယ့် နားလည်မှုအပိုင်းမှာ အများကြီး လိုသေးတယ်။ ပညာပေးဖို့အများကြီး လိုတယ်။ နားလည်တတ်ကျွမ်းတဲ့ လူတွေ လိုပါတယ်။ တဒေသနဲ့ တဒေသ နားလည်မှု၊ ကိုယ်ချင်းစာမှု၊ သဘောထားကြီးမှုတွေ အများကြီး လိုနေတယ်။ ကျနော်တို့တွေ မပြည့်ဝဘူး။ သဘောထား မကြီးဘူးဆိုရင် ကျနော်တို့ ချင်းလဲန်းက စကစကို နိုင်ရင်လည်းပဲ ပြိုကွဲမှာပဲ ဖြစ်ပါတယ်။ အောင်မြင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ နိုင်ငံရေးစနစ် ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေးစနစ် သွားလာပုံတွေ ကောင်းကောင်းလေး နားလည်မှပဲ ကျနော်တို့က စနစ်တခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ နားမလည်တဲ့ လူတွေ များရင်တော့ စေတနာအရ ပေးတော့ ပေးဆပ်လိမ့်မယ်၊ ကျနော်တို့ တည်ဆောက်တတ်မှာတော့ မဟုတ်ပါဘူး။
မေး – ကျနော် မမေးမိတဲ့ ဖြည့်စွက်ပြောကြားဖို့ လိုအပ်တာတွေ ရှိရင် ပြောပါခင်ဗျ။
ဖြေ – အားလုံးက သဘောထား ကြီးကြဖို့၊ ကိုယ့်အကြောင်းကို အရင်မကြည့်ကြပဲ တဖက်အကြောင်းကို အရင် ကြည့်ကြဖို့ မက်ဆေ့ကို ပြည်သူတွေကို ပေးချင်တယ်။ နောက်တခုက ကျနော်တို့ စေတနာ မှန်ရင်လည်းပဲ ၊ စိတ်အား ထက်သန်ရင်လည်းပဲ ကျနော်တို့ ဦးတည်ချက်က ပြည့်စုံတဲ့ ရည်ရွယ်ချက် မဖြစ်ရင် အပြုသဘော မဆောင်ပဲနဲ့ အဖျက်သဘောဆောင်သွားတတ်တာကို နိုင်ငံခြားကနေ အားပေးတဲ့ ပြည်သူတွေကလည်း တော်တော်လေး နားလည်ဖို့ လိုနေပါတယ်။ ကျနော်တို့ အခက်အခဲအကြီးဆုံးက ဘဏ္ဍာရေးဖြစ်ပါတယ်။ ငွေးရေကြေးရေးကို ပေးတဲ့ ချင်းအနေနဲ့ဆိုရင် နိုင်ငံခြားက တော်တော်လေး ဩဇာသက်ရောက်မှု ရှိတယ်။ နိုင်ငံခြားကနေ ငွေကြေးထောက်ပံ့တဲ့ လူတွေက ပြည့်ဝတဲ့ ခံယူချက် မရှိရင် ငွေမျက်နှာကို ကြည့်ရပြီးတော့ သူတို့ရဲ့ စကားတွေ၊ အယူအဆတွေ လွှမ်းမိုးလာမယ်ဆိုရင် ကျနော်တို့က ဒီဘဏ္ဍာရေး မျက်နှာကို ကြည့်ပြီးတော့ သူတို့ စကားသံကို လိုက်နာတဲ့အချိန်မှာ သူတို့က ပြည့်ဝတဲ့ လမ်းညွှန်မှု ပေးတယ်ဆိုရင် ချင်းလဲန်းတည်ဆောက်မှုက အင်မတန် လွယ်သွားမယ်။ သူတို့ရဲ့ အယူအဆ မှားခဲ့မယ်ဆိုရင် အဲဒါက ကျနော်တို့အတွက်က ငွေကြေးကတော့ အသုံးဝင်ပေမယ့် သူတို့ရဲ့ အယူအဆတွေ လွဲချော်မယ်ဆိုရင် ချင်းလဲန်းတည်ဆောက်တဲ့ နေရာမှာ အတော်လေး အခက်အခဲ၊ အဟန့်အတားတွေ ဖြစ်သွားနိုင်တယ်ဆိုတာကို ပြည်သူတွေ တော်တော်လေး နားလည်ဖို့ လိုနေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒါလေးကို သတင်းစကားပါးချင်ပါတယ်။