(04SS)
စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်း နေထိုင်ကြသော ထောင်နှင့်ချီသော ပြည်သူများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြေသာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။
စစ်ကောင်စီတပ်စွဲထားသော စခန်းအနီးတဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနောက်ဆုံးထားပြောင်းရွှေ့ကြရန် မပြောင်းရွှေ့သောပြည်သူများ ထိခိုက်မှု တစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin က သတိပေးထုတ်ပြန်ခဲ့ပြီးနောက် နီးစပ်ရာ ဆွေမျိုးအသိုင်းအဝန်းထံ ပြောင်းရွှေ့ခဲ့ကြရသည်ဟု သိရသည်။
“မနေ့ညက ပြောင်းရွှေ့ဖို့ ဆိုပြီးသတင်းကြားတယ်။ အစကတော့ ထွက်မလားမထွက်ဘူးလားဆိုတာ မဆုံးဖြတ်နိုင်ဘူး အခြေအနေစောင့်ကြည့်အုံးမယ်ပေါ့။ ဒီမနက်ကျတော့ လိုအပ်ခဲ့ရင်ဆိုပြီး ဓါတ်ဆီသွားထဲ့တာ လမ်းမကြီးရောက်တော့ လူတွေအများကြီးပဲ အထုပ်အပိုးတွေနဲ့ လမ်းအပြည့် သွားလာနေကြာတွေ့တယ်ပေါ့နော်။ ကျွန်မလဲ လန့်ပြီး အမြန်ဆုံး အိမ်ပြန်သွားတယ် အမေတို့နဲ့ ပြောင်းရွှေ့ဖို့ ပစ္စည်တွေထုပ်၊ ဒီလိုပဲ ထွက်လာကြတာ၊ အဝတ်လဲများများစားစားမပါဘူး” ဟု ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့သူတစ်ဦးက ပြောသည်။
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့နှင့် ကလေး-ချင်းနယ်စပ် ကိုးမိုင်၊ လှိုင်သာယာရပ်ကွက်တို့မှ ထောင်နှင့်ချီသောပြည်သူများသည် ကလေးမြို့ရှိနီးစပ်ရာ ဆွေမျိုးတွေထံ ခေတ္တခိုလှုံနေကြရပြီး အချို့မှာ ဆွေမျိုးမိတ်ဆွေမရှိသောကြောင့် မပြောင်းရွှေ့ပဲ ကျန်ရစ်သူများလည်းရှိကြောင်း သိရသည်။
ယခုကဲ့သို့ ပြည်သူများဘေးလွတ်ရာသို့ ပြောင်းရွှေ့နေစဉ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြောင်းရွှေ့ခြင်းမပြုကြရန်နှင့် ပြောင်းရွှေ့ပါက နေအိမ်များမီးရှိုမည်ဟု ခြိမ်ခြောက်မှုများလည်းရှိနေသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ကိုးမိုင်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသော်လည်း ညတိုင်း စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေကြသည်ဟု ဒေသခံများက ဆိုသည်။
ယခုလက်ရှိ စက်မှုဇုန်နှင့် ကိုးမိုင် အနီးတစ်ဝိုက်တွင် လူအသွားအလာကင်းမဲ့ပြီး တိတ်ဆိတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော် အရေးကြီးကိစ္စနဲ့ အိမ်ခဏပြန်သွားတာ တာဟန်းဘက်ကနေ စက်မှုဇုန်လမ်းခွဲအထိတော့ ပုံမှန်ပါပဲ စက်မှုဇုန်ကနေ ကိုးမိုင်ဘက်ကတော့ တကယ် တိတ်ဆိတ်တယ် အိမ်တွေကလဲ အကုန် သော့ ခတ်ထားတာတွေကြီးပဲ ပြီးတော့ တစယောက်နှစ်ယောက်လောင်ပဲ သွားလာကြတယ်” ဟု ရွှေ့ပြောင်းနေရသူ ဒေသခံလူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ချင်း-စစ်ကိုင်းနယ်စပ် ကိုးမိုင် (ကလေးတက္ကသိုလ်မုခ်ဦး) နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရဲစခန်းတို့တွင် တပ်စွဲထားကြပြီး စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတင်းကြပ်ကာ ကလေး-တီးတိန်-ရိခေါဒါရ် မြို့ပြေးဆွဲနေသော ကားများကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားသည်ဟု သိရသည်။