(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှု ပြန်များလာပြီး ၂ လအတွင်း ဆိုင်ကယ် ၅ စီးပျောက်ဆုံးခဲ့သည်ဟု တီးတိန်မြို့ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာ ဆိုင်ကယ် ၃ စီး နှင့် စက်တင်ဘာလ ၂၇ ရက်နေ့ တစ်ရက်တည်းတွင် ဆိုင်ကယ်အသစ် ၂ စီး ပျောက်ဆုံးခဲ့သည်ဟု သိရသည်။
တီးတိန်မြို့လူငယ်များက ဆိုင်ကယ်ခိုးသူတစ်ဦးဖြစ်သော ဦးမန်ပီဆိုသူကို ဖမ်းမိထားပြီး သူသည် ဩဂုတ်လ ၁၀ ရက်နေ့ နှင့် စက်တင်ဘာလ ၂၇ ရက်နေ့က ဆိုင်ကယ် ၂ စီးခိုးယူခဲ့သည်ဟု သိရသည်။
“သူ (ဦးမန်ပီ) ခိုးတာကို တွေ့တဲ့သူရှိပါတယ်။ အဲဒီဆိုင်ကယ်က ပြည်သူ့ဆေးရုံရှေ့ ပါကင်မှာရပ်ထားခဲ့တာ။ သူကခိုးသွား တာ။ သူ့ကို ဖမ်းပြီး စစ်ဆေးတဲ့အခါ ဆိုင်ကယ်ဘယ်မှာထားလဲ မပြောပြချင်ဘူး။ အခုထိ ဆိုင်ကယ်လည်း ပြန်မရ သေးဘူး။ အဲဒီ ဆိုင်ကယ်ဆို ဝယ်တာ တစ်လတောင်မရှိသေးဘူး အသစ်နီးပါးပါ၊ သူတို့ဝယ်တုန်းက ၄၅ သိန်းနဲ့ ဝယ်ထားတာလေ။ သူများ အတွက် ဘာမှအမဟုတ်ရင်တောင်၊ ကိုယ့်အတွက်က ဆိုင်ကယ်ဝယ်ဖို့ဆိုတာ အချိန်အကြာကြီးစုပြီးမှ ဝယ်နိုင်တာဆိုတော့ တော်တော်ဝမ်းနည်းတယ်” ဟု ဆိုင်ကယ်ပျောက်ဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဆိုင်ကယ်ခိုးမှုကြောင့် ဖမ်းဆီးခံရသူ ဦးမန်ပီသည် တွန်ဇံမြို့ မှ တီးတိန်မြို့သို့ စစ်ရှောင်အဖြစ်ရောက်ရှိလာသူဖြစ်ကာ စီမံကိန်းရုံးတွင် တာဝန်ထမ်းဆောင်နေသူဟု Tedim Times က ဖော်ပြထားသည်။
၎င်းသည် အသက်အရွယ်ကြီးရင့်သူဖြစ်သောကြောင့် တီးတိန်လူငယ်များအနေဖြင့် ဖမ်းဆီးထိန်းသိမ်း ရိုက်နှက်ခြင်းမပြုလုပ်ပဲ နှုတ်ဖြင့်သာ ဖြေရှင်းရန်ကြိုး စားကာ ဆိုင်ကယ်အစားထိုးပြန်ပေးမည်ဟု ပြောဆိုကာ ကလေးမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။
တီးတိန်မြို့တွင် ပျောက်ဆုံးသွားသော ဆိုင်ကယ်များအနက် တစ်စီးကို ဩဂုတ်လ ၁၁ ရက်နေ့က ရပ်ကွက်နေပြည်သူများက ပြန်လည်တွေ့ရှိကာ ပိုင်ရှင်ထံ ပေးအပ်နိုင်ခဲ့သော်လည်း အခြားပျောက်ဆုံးဆိုင်ကယ်များကိုမူ ယနေ့အချိန်ထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမ တန်မြင့်တက်ခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်း၊ အလုပ်လက်မဲ့များလာခြင်း၊ မူးယစ်ဆေးသုံစွဲသူများလာခြင်း နှင့် တရားဥပဒေကင်းမဲ့ခြင်းများကြောင့် ခိုးဆိုးလုယက်မှုများလာသည်ဟု တီးတိန်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုလို ခိုးလာတာကတော့ ကျွန်မတို့နိုင်ငံရေး အခြေအနေ မကောင်းတာကြောင့် လို့ထင်ပါတယ်။ စားရေးသောက်ရေး ခက်ခဲတာရယ်၊ ကုန်ပစ္စည်းဈေးနှုန်းတွေ အရမ်းတက်နေတာရယ်ကြောင့် အခုလို ခိုးမှုတွေ များလာတယ်လို့ ယူဆရပါတယ်။ နောက် မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ များလာတာကလည်း ဒီလိုအခြေအနေ ဆိုးရွားရတဲ့ အကြောင်းရင်းတစ်ခု လို့မြင်ပါတယ်” ဟု ၎င်းကပြောသည်။

