(002MG)
ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန်ကျေးရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ဖောက်ထွင်းပြီး ငွေကြေးအမြောက်အများ ခိုးယူသွားသည်ဟု ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့မှ ကနေဒီတောင်ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဆိုဇန်ကျေးရွာအတွင်း ဝင်ရောက်ကာ ဒေသခံများအား နေအိမ်တခုအတွင်း သော့ခတ်ပိတ်လှောင်ထားပြီးနောက် ပြည်သူများ၏ ငွေကြေးများကို ခိုးယူသွားကြသည်ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။
“ကနေဒီတောင် စကစ ပြန်သိမ်းပြီးတဲ့နောက် ညနေပိုင်းမှာ ဆိုဇန်ရွာကို ဆင်းပြီးတော့ ပြည်သူလူထုကို ဖမ်းပြီးတော့မှ သူတို့ကိုနေအိမ်တလုံးမှာ အပြင်ကနေသော့ခတ်တယ်၊ တရွာလုံးနေအိမ်တွေဖောက်ပြီးတော့ ငွေ ကြေးတွေယူသွားတယ်၊ ခန့်မှန်းခြေ သိန်း ၅၀၀ ဝန်းကျင်လောက်ရှိမယ်။ ဆိုဇန်ဒေသခံတွေက သစ်သီးတို့၊ ရာသီပေါ်အသီးအနှံတွေပဲ ရောင်းကြပြီး အသက်ရှင်နေကြတာ” ဟု တီးတိန်ဒေသခံက ပြောသည်။
ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းတွင် သော့ခတ်ပိတ်လှောင်ဖမ်းဆီးခံထားသော ပြည်သူများကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ထဲမှ လူငယ်အမျိုးသား (၄) ဦးအား အာလွယ် (Aklui khua) ကျေးရွာအထိ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။
ဆိုဇန်ကျေးရွာသည် ကလေး-တီးတိန် ကားလမ်းမပေါ် ကနေဒီတောင်ခြေတွင်ရှိသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၀ နီးပါးရှိကာ ကလေးမြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးသည်ဟု သိရသည်။
လက်ရှိဆိုဇန်ကျေးရွာ ပြည်သူအားလုံးသည် အခြားကျေးရွာနှင့်ကလေးမြို့တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြသည့်အပြင် ကလေး-တီးတိန်လမ်းမဘေးတွင်ရှိသည့် ကျေးရွာများလည်း စစ်ဘေးတိမ်းရှောင်နေကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF Zoland က သိမ်းပိုက်ထိန်းချုပ်ခဲ့သော စစ်ကောင်စီ၏ ကနေဒီတောင်စခန်းကို ဇွန်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ခဲ့ပြီး၊ သိုင်းငင်းတပ်စခန်းကိုလည်း စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ပြီဟု သတင်းများထွက်ပေါ်နေသည်။