(002MG)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် မွာလ်ဘင်(Mualbeem) နှင့် ဇန်ဇောလ်(Zangzawl) ကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ နေ့ လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည်ဟု သိရသည်။
ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာ မွာလ်ဘင်ကျေးရွာထဲက လူမနေတော့သည့် တွီးခူရပ်ကွက် ဟောင်းအနီးနားတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ၅ ကြိမ်ခန့်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ခံတစ် ဦးကပြောသည်။
“မွာလ်ဘင် ကျေးရွာ အထက်ပိုင်း၊ တွီးခူရပ်ကွက်ဟောင်းတလျှောက်ကို လေယာဉ်နဲ့ (၅) ကြိမ်ကျဲတာ။ အဲ့ရပ်ကွက် မှာက လူမနေတော့ဘူး၊ အိမ်လည်းမရှိတော့ဘူး။ ပျက်စီး၊ လူသေတာမရှိဘူး၊ သစ်တော တော့ပျက်စီး တယ်” ဟု ၎င်းကပြောသည်။
မွာလ်ဘင်ကျေးရွာသည် တီးတိန်မြို့နှင့် (၁၈) မိုင်ခန့်ကွာဝေးပြီး လူဦးရေ (၂,၀၀၀) ခန့်ရှိသည်ဟု သိရသည်။ မြေပြင်မှာ စစ်ရေးထိတွေ့မှုမရှိဘဲ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အလားတူ ဇန်ဇောလ်ကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိကြောင်း တီးတိန်အခြေစိုက်သတင်းဌာနတစ်ခုကဖော်ပြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က စစ်တပ်နှင့် ပတ်သက်မှုရှိသည်ဟုဆိုသော မွာလ်ဘင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ဟောက်ခန့်နန် ကို တီးတိန်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ PDF Zoland က ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုရှိလာခြင်းဖြစ်သည်။