(04SS)
ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ယမန်နေ့ ညကြီးသန်ခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ပြီး မြို့မရပ်ကွက်ရှိ ပြည်သူနေအိမ်အချို့ ကျည်ထိမှန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်မှ စတင်ကာ ယနေ့ နံနက် ၂ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်မှုရှိခဲ့ပြီး လက်နက်ငယ်များလည်း ဆက်တိုက်ပစ်ခတ်ခြင်းဟု သိရသည်။
“မနေ့ညက လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ်သံကြားရတယ်၊ ကျွန်တော်သိရ သလောက်ကတော့ နေအိမ် ၄,၅ အိမ်ထိမှန်တယ်။ အခုထိတော့ လူတွေ ထိခိုက်တာမကြားရဘူး။ အိမ်တွေကတော့ သွပ်တွေ၊ ပြတင်းပေါက်မှန်တွေရော ပြီးတော့ ရေသိုလှောင်တဲ့တိုင်ကီတွေရော အိုးခွက်တွေတောင် သေနတ်မှန်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြို့မရပ်ကွက်ရှိ CMBC ဘုရားကျောင်းဝန်းထဲတွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ တီးတိန်မြို့ပေါ်တွင် ညကြီးသန်ခေါင် လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်သံ ဆက်တိုက်ကြားနေရသည့် အကြောင်းရင်းကိုတော့ မသိရသေးကြောင်း ဒေသခံများ ပြောဆိုနေကြသည်။
ဩဂုတ်လ ၁၆ ရက်နေ့တွင် တီးတိန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ထွေအုပ်ပိုင် Double Cap ကားတစ်စီးအားရပ်ထားစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ မောင်းထွက်သွားခဲ့ကြောင်း သိရသည်။
“တီးတိန်မြို့ ဆောက်လုပ်ရေးရိပ်သာမှာ ကားတွေထားထားတာပေါ့ အဲမှာ အစောင့်တွေလည်းရှိတယ် အဲနေ့ကဘုန်းကြီးကျောင်းသွားကြတာပေါ့နော် အဲချိန် ကားကို အေးဆေးေမာင်းသွားကြတာ၊ အဲဒီကလူတွေကလည်း နောက်ကနေ လိုက်လဲမလိုက်သွားရဲကြဘူးပေါ့” ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များသည် ညတွင် သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။
အလားတူ လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း တီးတိန်မြို့ ဆေးရုံပိုင် ဆေးရုံအုပ်ကားတစ်စီးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက သိမ်းယူခဲ့သည်ဟု သိရသည်။