(006SV)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ ပျံ့နှံ့မှု ဖြစ်ပွားခဲ့၍ သိန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိပြီးနောက် ပြည်သူများအနေဖြင့် ငွေအတုများကို သတိထားရှောင်ရှားကြရန် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တီးတိန်မြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် တစ်သောင်းတန်ပိုက်ဆံအတုများ အသုံးပြုနေခြင်းကို ဒေသခံပြည်သူများနှင့် ဈေးဆိုင်ပိုင်ရှင်များက သိရှိ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက စုံစမ်းရာ တစ်သောင်းတန် အတု သိန်း ၁၀၀ ကျော်ကို ဩဂုတ်လ ၈ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
“ကျနော်တို့ တီးတိန်မြို့နယ်ထဲက ဈေးဆိုင်တချို့မှာ ပိုက်ဆံအတုတွေကို အဲဒီဆိုင်ရှင်တွေက ပြတော့ အဲဒီပိုက်ဆံတွေက ဘယ်ကနေ ရတာလဲဆိုပြီး အဲဒီကနေ စပြီးတော့ စုံစမ်းခဲ့တယ်။ စုံစမ်းရင်းနဲ့ နောက်ဆုံးမှာ သူတို့ ရတဲ့ နေရာကို တွေ့လိုက်တော့ အဲဒီပိုက်ဆံအတု ပွဲစားလုပ်တဲ့ လူကို ကျနော်တို့ ဖမ်းတယ်။ သူကို စစ်ဆေး မေးမြန်းတော့ ကျနော်တို့ စုံစမ်းရသလောက်က သူမှာ ရှိတဲ့ ပိုက်ဆံ အတုတွေကို ရွာထဲမှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ပိုက်ဆံကို အတိုးမယူပဲနဲ့ သုံးချင်တဲ့ လူရှိရင် ကျနော် ငွေချေးပေး တယ်ဆိုပြီး သူက ပိုက်ဆံ လိုက်ချေးပေးတာပါ” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကျူးလွန်သူသည် ပိုက်ဆံအတုများကို အဆိုပါကျေးရွာတွင် ရွာသူ/သားများကို အတိုးမယူဘဲ လိုသလောက် ချေးငှားပေးနေခဲ့ပြီး ယင်းကျေးရွာက ဒေသခံများ သွားရောက်သည့် ဒေသများတွင်ပါ ပိုက်ဆံအတုများ တွေ့ရှိရသည်ဟု သိရသည်။
အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (တီအိုချောင်း) တွင် ပိုက်ဆံအတုများကို ထက်ဝက်ဈေးဖြင့် ရရှိခဲ့သည်ဟု ကျူးလွန်သူက လတ်တလောမှာ ထွက်ဆိုထားပြီး တီးတိန်မြို့နယ်မှာ ဩဂုတ်လဆန်းပိုင်းမှစတင်၍ ပျံ့နှံ့လာခဲ့ကြောင်း လက်ရှိ ပိုက်ဆံအတုများကို မီးရှို့ဖျက်စီးထားကြောင်း သိရသည်။
တီးတိန်မြို့နယ်အတွင်း တွေ့ရှိရသော ငွေတစ်သောင်းတန် အတုများသည် သာမန်ကြည့်လျှင် ပိုက်ဆံအစစ်နှင့် အတော်ဆင်တူနေကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပိုက်ဆံအတုကို ကိုင်ကြည့်လျှင် တစ်သောင်းတန်အစစ်ထက် ပိုကြမ်းသည့် အထိအတွေ့ကို ရပြီး ပိုက်ဆံအတုမှာ ရေနှင့်ထိပါကလည်း ကာလာတွေ ပျက်သွားသည်ကို တွေ့ရှိရသည်ဟု သိရသည်။
လက်ရှိတွင် ပိုက်ဆံအတုပွဲစားကို တည်ဆဲဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး၊ တီးတိန်မြို့နယ်ထဲ ပိုက်ဆံ အတုပျံ့နှံ့နေမှုများကိုလည်း ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။
အိန္ဒိယ- မြန်မာနယ်စပ်က ကုန်သည်များအပါအဝင် ဒေသခံပြည်သူများအနေဖြင့် ငွေလဲလှယ်သော အချိန်များမှာ ငွေအတုများကို သတိထားပြီး စစ်ဆေးသင့်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငွေအတုများကို လက်ခံမသုံးစွဲမိစေရန် သတိပြုသင့်ကြောင်း တီးတိန်ပအဖတာဝန်ရှိသူက ပြောသည်။