စစ်တပ်က ဒေသခံ ၁၄ ဦးကို လူသားဒိုင်အဖြစ် ဖမ်းဆီးထားရာမှ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်
(006SV)
တီးတိန်မြို့မှ သိုင်းငင်းဘက်သို့ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင် (CB) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိသည်ဟု ချင်းညီနောင်က ကြေညာသည်။
အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ချင်းပြည်နယ်၊ တီးတိန်မြို့မှ သိုင်းငယ်သို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင်တပ်တို့သည် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ချင်းညီနောင်က နိုဝင်ဘာလ ၇ ရက်မှာ ထုတ်ပြန်သည်။
စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူ တချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု၍ သိုင်းငင်းသို့ ဦးတည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူ ၁၄ ဦးကို လက်ရှိမှာ ကယ်တင်ထားနိုင်ခဲ့ပြီး ယင်းအထဲက အမျိုးသမီး ၁ ဦးမှာ အဓမ္မပြုကျင့်ခံထားရသည်ဟု ချင်းညီနောင်ထံမှ သိရသည်။
တိုက်ပွဲများအတွင် စစ်ကော်မရှင်တပ်က အနည်းဆုံး ၄၀ ခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် ထွက်ပြေးလွတ်မြောက်သူ တချို့ ရှိကြောင်း၊ လက်နက်ခဲယမ်း အများအပြားနှင့် ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကား တစ်စီးကို ပြန်လည် သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်းတချို့ကို ထိန်းသိမ်းထားသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၂၆ ရက်မှစတင်၍ တီးတိန်မြို့ခလရ ၂၆၉ ကို MI 17 အမျိုးအစား ရဟတ်ယာဉ်ဖြင့် အခေါက်ရေ ၂၆ ကြိမ် ဆင်းသက်လာပြီး တပ်အင်အား ၅၀၀ ခန့်ကို ဆက်တိုက် ပို့ဆောင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ချင်းညီနောင်ထံမှ သိရသည်။
အင်အား ၂၀၀ ကျော်ဖြင့် စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၂၉ ရက်တွင် တီးတိန်မြို့မှ ခြေလျင်ထွက်လာပြီး ဆဲဇန်ရွာ (SEZANG) တွင် စခန်းချညအိပ်ကြောင်း၊ အောက်တိုဘာလ ၃၀ ရက်တွင် တီးတိန်- ကလေးလမ်း ဒိမ်လို (DIMLO) လမ်းခွဲအနီးတွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွားကာ စစ်ကော်မရှင်တပ် အထိနာ၍ ဆက်မတိုးနိုင်ဘဲ ထိုနေရာတွင် စခန်းချ ညအိပ်ရသည်ဟု သိရသည်။
အောက်တိုဘာလ ၃၁ ရက်တွင် စစ်ကော်မရှင်တပ်က တီးတိန်မြို့ ခလရ (၂၆၉) မှ စစ်အင်အား ၈၀ ခန့် စစ်ကူထပ်ပို့လာပြီး နိုဝင်ဘာလ ၁ ရက်တွင် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားကာ လက်နက်တချို့နှင့် ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကားတစ်စီးကို သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု ချင်းညီနောင်ထံမှ သိရသည်။
နိုဝင်ဘာလ ၂ ရက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး နိုင်ဝင်ဘာလ ၃ ရက်တွင် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု၍ ထိုးစစ်ဆင်လာရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကြောင်း၊ တီးတိန်- ကလေးလမ်း၊ ဆွောမ်းပီး (SUANGPI) လမ်းခွဲဘက်မှာ စစ်အင်အားတချို့ ထွက်ရှိလာသောကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်းကြောင်း သိရသည်။
နိုဝင်ဘာလ ၆ ရက်တွင် စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင်ခံရသော အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်က ကယ်တင်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကော်မရှင်တပ်သည် သိုင်းငင်းသို့ ဦးတည်၍ တီးတိန်းမှ သိုင်းငယ်သို့ အင်အား ၄၀၀ ခန့်ဖြင့် လည်းကောင်း၊ ကလေးမြို့မှ သိုင်းငင်းသို့ အင်အား ၂၀၀ ခန့်ဖြင့်လည်းကောင်း ထိုးစစ်ဆင်နေသောကြောင့် ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

