Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

0
By Editor on December 17, 2025 Featured

(006SV/ 004SS)

မြန်မာနိုင်ငံရဲ့ အနောက်ဘက်စွန်း၊ ကုလာတန်းမြစ်ကမ်းဘေး လောင်တလိုင်ခရိုင်ထဲက ကော့ဆွန်းရွာ စစ်ဘေးရှောင် စခန်းမှာ ကိုဆလိုင်းတို့ မိသားစု ၃ ဦးဟာ တခြားစစ်ဘေး ရှောင်တွေနဲ့အတူ ဒုက္ခအဖုံဖုံကြား နေရပ်စွ့န်ခွာနေထိုင်ရတာ ၅ နှစ်နီးပါး ရှိလာပါပြီ။

ကော့ဆွန်းရွာမှာ ကိုဆလိုင်းတို့လို ပလက်ဝမြို့က စစ်ဘေးလာရှောင်တဲ့ ပြည်သူတွေ ၂၅၀ ခန့်နေထိုင်ပြီး စစ်ဘေးရှောင်ရတာ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ဘဝတွေဟာ တနေ့ထက် တနေ့ ပိုမိုခက်ခဲလာနေပါတယ်။

စစ်ဘေးရှောင်နေအိမ်တွေရဲ့ မီးဖိုချောင်းမှာ နေ့စဉ်စားဖို့ ဆန်မပြတ်လပ်ရေးကလည်း ပိုမိုအကြပ်တွေ့လာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှု နည်းပါးခြင်းက ချင်းစစ်ဘေးရှောင်တွေကို အရှိန်ပြင်းပြင်းနဲ့ ပိုရိုက်ခတ်လာနေပါတယ်။

ဒီလို ရိုတ်ခတ်မှုတွေက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အစပ်မှ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်ထဲရှိ ကုလာတန်းမြစ် ကမ်းဘေးက ကော့ဆွန်းရွာ စစ်ဘေးရှောင်တွေကိုလည်း သက်ရောက်မှု ကြီးပါတယ်။

“စားဝတ်နေရေးက ကျနော်တို့ ဆန်ရှိရင် ရတယ်၊၊ နေ့စဉ် စားဖို့ ဆန် ရှိဖို့ကို ခက်ခဲကြပါတယ်။ အသီးအရွက် တွေက အိမ်အနီးမှာ ဟင်းခင်းကနေ ချက်စားလို့ ရတာပေါ့။ ပညာရေး၊ ကျန်းမာရေးတွေဟာလည်း ကျနော်တို့အတွက် အင်မတန်မှ အခက်အခဲ ရှိနေတယ်။ ကူနိုင်သူတွေ ရှိရင် ကျနော်တို့ လိုအပ်နေပါတယ်။ လက်ရှိမှာ အခက်အခဲတွေ ရှိနေတာပေါ့နော်” လို့ ကိုဆလိုင်းက ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေ စတင်ပြီး စစ်ဘေးရှောင်စဉ်က မီဇိုရမ်က ဒေသခံတွေဟာ အခြေခံလိုအပ် ချက်နဲ့ အကူအညီတွေ အများအပြား ပေးနိုင်ခဲ့ပေမယ့် နှောင်းပိုင်းနှစ်တွေမှာ မပေးနိုင်ကြတော့ပါဘူး။

ဝါး၊ တာလပတ်အမိုးနဲ့ ဆောက်လုပ်နေထိုင်ရတဲ့ စစ်ဘေးရှောင်တွေကို စားဝတ်နေရေးအတွက် တောင်ယာခုတ် ခွင့်ပေးထားပေးမယ့် စားသောက်ဖို့အထိ မလောက်ငှတဲ့ အခြေအနေမှာ ရှိနေပါတယ်။
“အဓိက လိုအပ်တာက စားဝတ်နေရေးပါပဲ၊ နေတာကတော့ အဆင်ပြေတယ်၊၊ အဓိက ဆန်ပဲ၊ ဆန်ရှိရင် ကျွန်တော်တို့ ဆားနဲ့နယ်ပြီး စားလို့လည်း ရတယ်” လို့ လောင်တလိုင်ခရိုင်၊ တွီဒန်းရွာမှာ မိသားစုနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ အသက် ၅၀ အရွယ် ဦးပီတာဆန်က ပြောပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေက တစ်နှစ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ဆန်ထောက်ပံ့မှုတွေ ရှိပေမယ့် ပမာဏ အနည်းငယ်သာဖြစ်လို့ စားဖို့အရေးမှာပင် စစ်ဘေးရှောင်တွေ ကြပ်တည်းနေတာပါ။

⬛️တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှ စစ်ရှောင်နေ့စဉ်ဘဝတွေ ပိုခက်ခဲလာ

တော်လှန်ရေး ၅ နှစ်ရှိလာချိန်မှာ ဟားခါးနဲ့ တီးတိန်မြို့မှလွဲလို့ ချင်းပြည်နယ်ရဲ့ ကျန်နယ်မြေ အားလုံးကို ချင်းအင်အားစုတွေက လက်ရှိမှာ ထိန်းချုပ်ထားပေမယ့် လေကြောင်းရန် အန္တရာယ်ကြောင့် ချင်းစစ်ဘေးရှောင် အများစုဟာ ကိုယ့်ရပ်ကိုယ်မြေကို ပြန်လည်အခြေချနိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၄ နှစ်ကုန်က မြို့သိမ်းတိုက်ပွဲတွေအပြီး ပြန်ဝင်ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေဟာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်ရဲ့ ထိုးစစ်ဆင်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အခုလပိုင်း တွေမှာ ပြန်လည်နေရပ်စွန့်ခွာရ ပြန်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းလှတဲ့ ချင်းပြည်နယ်ထဲကို စစ်ကော်မရှင်က အခြေခံစားသုံးကုန် အပါအဝင် ဖြတ်လေးဖြတ် ပြုလုပ်ထားမှုကြောင့် ကုန်ပစ္စည်းတွေ အဆမတန်ဈေးမြင့်တက်လာရုံ သာမက ရှားပါးပြတ်လတ်လာနေပါတယ်။

ဖုန်းနဲ့ အင်တာနက် လိုင်းတွေကိုလည်း ဖြတ်တောက်ထားသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ခရီးသွားစရိတ်တွေလည်း မြင့်မားနေပါတယ်။

ချင်းပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်ကျော်ဖြစ်တဲ့ လူ ၂သိန်းကျော်ဟာ လက်ရှိမှာ စစ်ဘေးရှောင်နေရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ ထံမှသိရပါတယ်။

ချင်းပြည်သူ ၁၃၀,၀၀၀ ခန့်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး ၇၀, ၀၀၀ ခန့်ဟာ မီဇိုရမ်ပြည်နယ် ခရိုင် ၇ ခုက ဒုက္ခသည် စခန်းပေါင်း ၁၂၀ ကျော်မှာ ဒုက္ခသည်အဖြစ် တိမ်းရှောင်နေရပါတယ်။

အသက် ၃၃ နှစ်အရွယ် CDM ကျောင်းဆရာမ မေဂရေ့ဟာလည်း ပလက်ဝမြို့ပေါ်ကနေ လောင်တလိုင်ခရိုင်၊ တွီးဒန်းရွာ စစ်ရှောင်စခန်းကို ၂၀၂၄ ခုနှစ်ထဲ ပလက်ဝမြို့သိမ်းတိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေချိန်က စစ်ဘေးရှောင်လာရသူဖြစ်ပါတယ်။

လက်ရှိမှာ ၈ လအရွယ် သမီးကလေးကို မွေးထားပြီးဖြစ်တဲ့ ဆရာမ မေဂရေ့မှာ မိသားစုဝင် ၆ ဦးရှိပြီး ပုံမှန်အလုပ်နဲ့ ဝင်ငွေ မရှိတဲ့အတွက် စစ်ဘေးရှောင်ဘဝမှာ စားဝတ်နေရေးက အဓိက အခက်အခဲဖြစ်တယ်လို့ ခေါ်နုမ်းသုန်ကို ပြောပါတယ်။

“အဓိကက စားဝတ်နေရေး ခက်ခဲတာပေါ့နော်။ ကျွန်မက ပြီးခဲ့တဲ့ နှစ်က တွီးဒန်းမှာ ကိုယ်ထူကိုယ်ထနဲ့ ဖွင့်တဲ့ ကျောင်းမှာ ကူဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ်မှာ ကျွန်မကလေးမွေးတော့ မကူဖြစ်တော့ဘူး။ ကျွန်မသမီးက အခု ၈လ ရှိပြီ။ အကြီးကောင်က ၅ နှစ်ထဲဝင်ပြီ။ ကလေးငယ်သေးတယ်ဆိုတော့ ကျမကလည်း ဘာမှ မလုပ်နိုင်ဘူး။ ကျွန်မ အမျိုးသားက တစ်ခါတစ်လေပေါ့ အလုပ်ရှိတဲ့ချိန် NGO မှာ လုပ်တယ်။ ဒီလိုပါပဲ စားဝတ်နေရေးက ခက်တာ ပေါ့နော်” လို့ ဆရာမ မေဂရေ့က ပြောပါတယ်။

၈လအရွယ် သမီးဟာလည်း မွေးခါစအချိန်မှာ ကာကွယ်ဆေးထိုးခဲ့ရပေမယ့် အဲဒီနောက်ပိုင်းမှာ မထိုးရသေးသလို စစ်ဘေးရှောင်နေရတဲ့အတွက် မွေးစာရင်လည်း မရရှိသေးပါဘူး။

“ကျွန်မတို့ အခုချိန်ထိ ဘာအကူအညီမှ မရသေးဘူး” လို့ CDM ဆရာမ မေဂရေ့က ပြောပါတယ်။

ဒီလိုစစ်ဘေးရှောင်နေရချိန်မှာ ကျောင်းနေအရွယ် ရောက်လာတဲ့ သားလေးအတွက် ပညာရေး နှောင့်နှေးမှာကို CDM ကျောင်းဆရာမ မေဂရေ့ စိုးရိမ်နေရပါတယ်။

ချင်းဒုက္ခသည်စခန်းတွေမှာ စာသင်ကျောင်းတွေ ဖွင့်ထားပေးမယ့်လည်း သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေသလို သင်ပြပေးနေတဲ့ ဆရာ၊ ဆရာမတွေကို လစာ မပေးနိုင်တဲ့အခြေအနေကြောင့် ကျောင်းတွေ ဆက်ဖွင့်ဖို့ ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်တွေက ခေါ်နုမ်းသုန်ကို ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ငွေရေးကြေးရေး အဆင်မပြေတဲ့အတွက် ဖျားနာရောဂါတွေ ဖြစ်လာရင် ဆေးရုံးဆေးခန်း ရှိပေမယ့် ပိုက်ဆံ အခက်အခဲကြောင့် ဆေးဝါးမကုသနိုင်သူတွေလည်း ရှိနေပါတယ်။

နိုဝင်ဘာလဆန်းပိုင်းက လောင်တလိုင်နဲ့ ပလက်ဝနယ်စပ်ဒေသရှိ ဒီတွီး၊ ကာကီ၊ လောင်းရှု စစ်ရှောင်စခန်း ၃ ခုမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော့ ကူးဆက်ရောဂါဖြစ်ပွားပြီး ဒေသခံနဲ့ စစ်ဘေးရှောင် ၉ ဦးခန့် သေဆုံးခဲ့ပါတယ်။
“နယ်စပ်နေရာဖြစ်တော့ ကျနော်တို့က ဆေးဝါးတွေ ကူညီပံ့ပိုးမှုတွေ မရှိတဲ့အခါ ဗြုန်စားကြီး၊ ဒီလို ရောဂါတွေ ထဖောက်လာတော့ ကြိုတင်ကာကွယ်ဖို့ အရမ်းခက်တယ်။ လိုအပ်တာက ကျန်းမာ‌ရေးအတွက် IDP စခန်းတိုင်းကို ဆေးဝါးထောက်ပံ့နိုင်တဲ့ အဖွဲ့ရှိရင် အခုလို ဖြစ်တဲ့အချိန်မှာ ကာဗာ လုပ်နိုင်မှာပါ” လို့ ပလက်ဝကောင်စီရဲ့ လူသားစာနာ တာဝန်ခံ ဆလိုင်းစိုးသန် က ပြောပါတယ်။

⬛️ချင်းကာကွယ်ရေး၊ လူသားစာနာရေးနဲ့ ဗျာများနေရတဲ့ ထောက်ပို့ကူညီပေးသူတွေ

ကော့ဆွန်း စစ်ဘေးရှောင်ပြည်သူတွေဟာ မီဇိုရမ်က အဖွဲ့အစည်းတချို့ကနေ တစ်နှစ်ကို နှစ်ခါ၊ သုံးခါ ဆန် ရရှိပေမယ့် လုံလောက်မှု မရှိကြောင်း ကိုဆလိုင်းက ပြောပါတယ်။

ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပလက်ဝကောင်စီရဲ့ လူသားစာနာ တာဝန်ခံက စစ်ရှောင်တွေအတွက် ပုံမှန်ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ မရှိဘဲ အရပ်ဖက်လူမှု အဖွဲ့အစည်းနဲ့ ဘာသာရေးအဖွဲ့အစည်းတချို့က တခါတရံ ကူညီပေးမှု ရှိတယ်လို့ ပြောပါတယ်။

တူမီးတော်လှန်ရေးကနဦးပိုင်းအချိန် ၂၀၂၁ နဲ့ ၂၀၂၂ ဝန်းကျင်မှာ စစ်ဘေးရှောင် အကူအညီ ပမာဏ တချို့ ရရှိခဲ့ပြီး နှောင်းပိုင်းကာလ ၂၀၂၄ နဲ့ ၂၀၂၅ တို့မှာ ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ရှားရှားပါးပါး ဖြစ်သွားတယ်လို့ ပလက်ဝကောင်စီရဲ့ လူသားစာနာ တာဝန်ခံ ဆလိုင်းစိုးသန် က ပြောပါတယ်။

“တော်လှန်ရေးက ကြာလာတာနဲ့အမျှ စစ်ရှောင်တွေကို ကူညီပေးချင်ပေမယ့် မကူညီနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒေသခံတွေအနေနဲ့လည်း ကူညီပံ့ပိုးပေးချင်ပေမယ့် မလုပ်နိုင်ဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေ ဆိုတာကလည်း ဘာကြောင့် လျော့သွားသလဲဆိုတာ မပြောတတ်ဘူး။ လျော့သွားတာက သိသိသသာကိုပဲ” လို့ ဆလိုင်းစိုးသန်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ တက်လာပြီးနောက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAIDရဲ့ ထောက်ပံ့ရေးအစီအစဉ်နဲ့ ရန်ပုံငွေ ရပ်ဆိုင်းလိုက်ခြင်းကလည်း ချင်းစစ်ဘေးရှောင်စခန်းတွေကို ထိခိုက်နစ်နာမှု ကြီးမားတယ်လို့ သိရပါတယ်။

“USAID ပိတ်ပင်ခံထားရတာက တော်တော်လေး နစ်နာသွားတယ် ပြောရမယ်၊၊ ဘာလို့လဲဆိုတော့ ဒီဘက်မှာ Local Donation ခေါ်မလား၊ တတိယနိုင်ငံရောက်တဲ့ လူတွေက ပြန်လှူတာ ရှိမယ်။ နောက်တစ်ခုက NGO က ရတဲ့ အလှူတွေ ရှိမယ်။ အဲ NGO တွေကလည်း ရာခိုင်နှုန်း အများစုက USAID က ဖြစ်တဲ့အခါ NGO တော်တော်များများ ကလည်း USAID က ရပ်ဆိုင်းလိုက်တဲ့အခါမှာ အလုပ်ဆက် မလုပ်နိုင်တော့တဲ့ ဝန်ထမ်းတွေ ရှိသလို ၊ ဒုက္ခသည်စခန်း တွေမှာလည်း အရင် USAID ရှိနေစဉ်တုန်းက လစဉ်ထောက်ပံ့ကြေး ရတဲ့ ဒေသတွေမှာ ထောက်ပံ့ကြေး မရတော့တဲ့ အခြေအနေလည်း တွေ့ရတယ်။ သက်ရောက်မှုက တော်တော်လေး ကြီးမားတယ်လို့ ပြောရမယ်” လို့ ချင်းရေးရာ အဖွဲ့ချုပ် (ICA) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

USAID ကဲ့သို စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အစိုးရအခြေပြုအဖွဲ့နဲ့ နိုင်ငံတကာအရပ်ဖက် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတချို့ဟာလည်း မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြပြီး ဒီလိုထွက်ခွာမှုက လူသားစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေကို ပိုမိုထိခိုက်လာစေပါတယ်။

တဖက်မှာ USAID ရပ်ဆိုင်းလိုက်ခြင်းက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်တွေကိုလည်း များစွာ အထိနာပြီး ရန်ပုံငွေ အများအပြားကို မရရှိနိုင်တဲ့ အနေအထားဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးအချိန်ကြာလာတဲ့အခါ ပုံမှန် လှူဒါန်းသူတွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာပြီး လက်ရှိမှာ တစ်ဦးချင်းထောက်ပံ့ကူညီသူတွေက ကိုယ့်ဝမ်းရေးကို ပထမ ဦးစားပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။

“အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးကို အမြန်ပြီးစေချင်တယ်။ အမြန်ပြီးစေချင်တော့ IDP ဘက်မဟုတ်တော့ပဲနဲ့ ဒိုနာတွေက လက်နက်ကိုင်ဘက်ကိုပဲ ထောက်ပံ့တာတွေ ပိုများလာတယ်။ သူတိုဘက်က ကြည့်ရင်လည်း မှန်တယ်။ လက်နက်ကိုင်တွေ အင်အားကောင်းမှ လက်နက်ကိုင်တွေ ဦးဆောင်မှုနဲ့ တော်လှန်ရေး မြန်မြန်ပြီးမှပဲ ဒီကိစ္စကို ဖြေရှင်းနိုင်မယ် ဆိုတဲ့အခါ သူတို့က တော်လှန်ရေး အင်အားစုကိုပဲ ပထမ ဦးစာပေးအနေနဲ့ ထားတာ တွေ့နေရတယ်။ ဆိုတော့ ငါးနှစ်တာ ကာလအတွင်းမှာ တဖြည်းဖြည်းနဲ့ ကူညီစောင့်ရှောက်သူတွေ လှူဒါန်းမှုတွေက လျော့နည်းလာတယ်” လို့ ICA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

⬛️ချင်း IDPs နဲ့ ရေရှည်အစီအမံ

ကိုယ်မြေကိုယ်ရွာကို စွန့်ခွာနေရတဲ့ ချင်းစစ်ဘေးဒုက္ခသည်အရေးကိစ္စဟာ ရေရှည်အစီအမံတွေ ရှိဖို့ လိုအပ်နေပြီလို့ စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ အိန္ဒိယပိုင်နယ်မြေထဲမှာ တရားဝင် နေထိုင်ခွင့် မရှိတဲ့အတွက် ပြည်တွင်းဖြစ်စေနဲ့ နယ်စပ်မှာဖြစ်စေ ရေရှည်နေထိုင်နိုင်ဖို့အတွက် တရားဝင် ဒုက္ခသည်စခန်းတွေ တည်ဆောက်ရေး လိုအပ်နေပြီလို့ စစ်ရှောင်အရေး ကူညီသူတွေက အကြံပြုပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအလွန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် အိန္ဒိယအစိုးရနဲ့ စစ်အစိုးရကြား မူဝါဒအပြောင်းအလဲတွေ ဖြစ်ပေါ်လာပါက ချင်းစစ်ဘေးရှောင်တွေအပေါ် သက်ရောက်နိုင် ချေကို ကြိုတင်ပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။

“ရေရှည်အတွက် စဉ်းစားပြီးမှ တစ်ခုခု မလုပ်ဘူးဆိုရင် ရွေးကောက်ပွဲအလွန်မှာ ဘယ်လိုအနေအထား ဖြစ်လာမလဲဆိုတာ ပြောလို့ မရတဲ့အခါ ဒီဘက်မှာ ဆက်နေလို့ရတဲ့ အနေအထား ဖြစ်ကောင်းဖြစ်မယ်၊ မရတာတော့တဲ့ အနေအထားလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့။ ကိုယ့်ရပ်ရွာကို ပြန်မယ်ဆိုရင်လည်း အိုးအိမ်က မရှိတော့ဘူး။ မီးရှို့ခံရတာနဲ့ အိမ်ပြန်လို့ မရနိုင်သေးတဲ့ အခြေအနေနဲ့။ ဆိုတော့ ဒါ့အတွက် တော်တော်လေး စဉ်းစားးဖို့ လိုအပ်ပါလိမ့်မယ်” လို့ ICA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်တွေရဲ့ ရှင်သန်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အများအပြားဟာ ကျပန်းအလုပ်၊ နေ့စား အလုပ်အကိုင် မရှိတာကြောင့် စစ်ရှောင်စခန်းထဲ ပိတ်မိပြီး နေ့စဉ်ဘဝရှင်သန်ရေးနဲ့ လူမှုရေးအကျပ်အတည်တွေ ပိုမိုဖြစ်ပွားလာနေပါတယ်။

အိန္ဒိယနိုင်ငံထဲ စစ်ဘေးရှောင်နေရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၆၀ ရာခိုင်နှုန်းနီးပါးကို ဇီဝဆိုင်ရာ အချက်အလက်တွေကို ဒေသအာဏာပိုင်တွေက ကောက်ယူထားပြီးဖြစ်ကာ အိန္ဒိယရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးနဲ့ စစ်ဘေးရှောင်တွေကို စီမံခန့်ခွဲနိုင်ရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် တူမီးတော်လှန်ရေးနဲ့အတူ ချင်းအမျိုးသားရေး နိုးကြားလာနေတဲ့ ချင်းလက်နက်ကိုင် အဖွဲ့တွေဟာ လက်ရှိမှာ တဖွဲ့နဲ့ တစ်ဖွဲ့ကြား ပဋိပက္ခတွေ ဖြစ်ပေါ်လာမှုကလည်း ချင်းပြည်နယ်ထဲက ချင်းစစ်ဘေးရှောင်တွေရဲ့ လူမှုအခက် အခဲကို ပိုဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ထဲက စစ်ရှောင်စခန်းတွေထဲ ခိုလှုံနေရတဲ့ ချင်းလူထုကို ဘယ်သူက ဘယ်အဖွဲ့ကို ထောက်ခံတဲ့ လူဖြစ်တယ်လို့ စွပ်စွဲကာ အာဏာလက်ကိုင်ရှိသူတွေက ခွဲခြားဆက်ဆံနေသလို လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်တားမြစ်မှုများပင် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပလက်ဝဒေသခံ စစ်ဘေးရှောင်တချို့ဟာ အာရက္ခတပ်တော် ULA/ AA က ဖမ်းဆီးမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိတော့ရင် အိမ်ပြန်ချင်သူတွေ ရှိနေပါတယ်။ အဲဒီထဲမှာ တွီဒန်းရွာမှာ မိသားစုနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ အသက် ၅၀ အရွယ် ဦးပီတာဆန်လည်း ပါဝင်ပါတယ်။

“ကျနော်က အိမ်ပြန်ချင်ပြီ၊ ပလက်ဝကို လွမ်းတယ်။ အခုပလက်ဝမှာ စစ်ကောင်စီ မရှိတော့ဘူးလေ။ ကျနော်တို့က ပြည်သူတွေပါ၊ နိုင်ငံရေးလုပ်တာလဲ မဟုတ်ဘူး။ တခါတလေ အေအေက ကျနော်တို့ ခူမီးလူမျိုးတွေ၊ ချင်းလူမျိုးတွေကို နှိမ်တာလား။ အနိုင်ကျင့်တာလား။ ဘာသဘောလည်း နားမလည်နိုင်ဘူး။ ကျနော် အမြဲတမ်း လိုချင်တာ တစ်ခုရှိတယ်၊၊ ကျနော်တို့ လုံခြုံမယ်လို့ ယူဆရင်လေ ကျနော်တို့က ကိုယ့်မြေ၊ ကိုယ့်ဒေသဆို‌တော့ ပြန်ချင်တာပေါ့နော်” လို့ ဦးပီတာဆန်က ပြောပါတယ်။

ချင်းအင်အားစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်အတွက် ချင်းအမျိုးသားတော်လှန်ရေး ဆင်နွှဲမှုနဲ့အပြိုင် ကိုယ့်မြေကိုယ့်ရွာကို စွန့်ခွာနေရတဲ့ ချင်းစစ်ဘေးရှောင်တွေဟာ စစ်ရှောင်ဒုက္ခတွေကို ခါးစည်းခံ ရင်ဆိုင် ဖြတ်သန်းနေပါတယ်။

စကားချပ် – ဒေသခံစစ်ရှောင်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့် မူရင်းအမည်တွေကို ပြောင်းလဲဖော်ပြထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.