(006SV)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ပြုသော Non- CDM ပညာရေး ဝန်ထမ်းများ ကို ZFU/ PDF – Zoland၊ ရဲတပ်ဖွဲ့၊ မြို့နယ် ပအဖ တို့နှင့် လက်တွဲ၍ အရေးယူဆောင် ရွက်မည်ဟု တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဇွန်လ ၄ ရက်မှာ ကြေညာသည်။
တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးလုပ်ငန်း ဖော်ဆောင်မှုများကို ZFU ၏ ပညာရေးဌာနဖြစ်သည့် တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က လုံးဝ တားမြစ်ထားသည်ဟု သိရသည်။
ပြည်သူ့ပညာရေးလုပ်ငန်းများတွင် Non – CDM ဝန်ထမ်းများသည် တော်လှန်ရေး လုပ်ငန်းများ အနှောက်အယှက် ဖြစ်စေသော လုပ်ဆောင်မှုများကို တွေ့ရှိပါက ZFU/ PDF – Zoland၊ ပြည်သူ့ရဲတပ်ဖွဲ့ – Zoland၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့နှင့် လက်တွဲ၍ လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဟု တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်သည်။
Non- CDM ဝန်ထမ်းများသည် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေရန်နှင့် တော်လှန်ပြည်သူများကို စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်မှု၊ စည်းရုံးမှုများအပြင် ပြည်သူ့ပညာရေးလုပ်ငန်းများတွင် မိမိကိုယ်ကျိုးအတွက်သာ ရည်စူး၍ တော်လှန်ရေးလုပ်ငန်းများတွင် အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ဆောင်မှု ပညာရေးလုပ်ငန်းများသည် ပျက်ပြားလာခဲ့သော်လည်း မိဘပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် တီးတိန်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ပြည်သူ့ပညာရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တီးတိန်မြို့အခြေစိုက် ချင်းအင်အားစုများထံ ဆက်သွယ်သော်လည်း မရသေးပါ။
ယခုနှစ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်မှာ တီးတိန်မြို့နယ်တွင် စစ်ကောင်စီသည် အခြေခံပညာကျောင်းအများအပြား ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းအပ်နှံသော ကျောင်းသူ/သား ထောင်ချီ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင်လည်း စစ်ကောင်စီသည် ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ်ထက် တက်ရောက်သူ များပြားခဲ့ကြောင်း၊ အာဏာမသိမ်းမှီက ဟားခါးတွင် ကိုယ်ပိုင်ကျောင်း ၃ ကျောင်းသာ ရှိခဲ့သော်လည်း လက်ရှိတွင် ကိုယ်ပိုင်ကျောင်း ၁၀ ကျော်ရှိလာသည်ဟု သိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီသည် ယခုနှစ်ပညာသင်နှစ်ကို ဟားခါး၊ တီးတိန်နှင့် ခိုင်ကမ်းမြို့တို့တွင် ကျောင်းများ ဖွင့်လှစ်ကြောင်း သိရသည်။