(006SV)
နွေဦးတော်လှန်ရေးတွင် ချင်းအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပြီး လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ချင်းဒေသကို လက်တွဲထူထောင်ကြရန် ယနေ့ ချင်းအမျိုးသားနေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သော ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သဝဏ်လွှာပေးပို့ရာမှာ ချင်းတော်လှန်ရေး၏ လက်ရှိအခင်းအကျင်းနှင့် ပတ်သက်၍ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိတော်လှန်ရေးတွင် ချင်းတိုင်းရင်းသားများအတွက် ဦးဆောင်လျက်ရှိသော တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများအနေဖြင့် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်း ခွင့်အပြည့်အဝရှိသော ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ရန် မျှော်လင့်ကြောင်း NUG အစိုးရက ဆိုသည်။
NUG အစိုးရနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို တိုက်ပွဲဝင်လျက်ရှိသော ချင်းခေါင်းဆောင်များနှင့် ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့ အသီးသီးကို ဂုဏ်ယူစွာ ကမ္ဗည်း မှတ်တမ်းတင်ထားမည်ဟု ကြေညာချက်တွင်ဖော်ပြထား သည်။
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် မပြီးဆုံးသေးသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့တွင် မဟာမိတ်ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ချင်းပြည်သူ လူထုတို့ နှင့်အတူ NUG အစိုးရက လက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြု ထုတ်ပြန်ထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ကလည်း ချင်းတိုင်းရင်းသားများ၊ အခြား တော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူ ညီညွတ်မှုကို တည်ဆောက်၍ စစ်အာဏာရှင်စနစ် ကင်းစင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယနေ့ ချင်းအမျိုးသားနေ့မှာ ထုတ်ပြန်သည်။
ချင်းတိုင်းရင်းသားများအနေဖြင့် ချင်းတိုင်းရင်းသားတို့၏ အမျိုးသားအမှတ်တံဆိပ်ဖြစ်သော အောက်ချင်းငှက်၏ အဓိပ္ပါယ် ဖြစ်သော လူမျိုးနှင့် မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်သော မေတ္တာတရားကြီးမားပြီး သစ္စာရှိသော ၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သော စိတ်ဓါတ်များကို ကိုင်စွဲကာ စစ်အာဏာရှင်များနှင့် အာဏာရှင်စနစ် မှန်သမျှကို အဆုံးသတ်ရေး ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း CRPH က ထုတ်ပြန်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ရာတွင် ချင်းပြည်နယ်မှ ချင်းလက်နက်ကိုင်တပ်ဖွဲ့များ သည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရပူးပေါင်းတပ်နှင့် ICNCC ၊ ချင်းညီနောင်အဖွဲ့ဟူ၍ နိုင်ငံရေး၊ စစ်ရေးတို့မှာ သဘော ထားကွဲနေပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြောင့် ချင်းရဲဘော်များ ထိခိုက်ကျဆုံံးမှုအထိရှိခဲ့သည်။