မြေပြင်တိုက်ပွဲ မဖြစ်ပွားသေးသော်လည်း ဒရုန်းဖြင့် အပြန်အလှန် ပစ်ခတ်
(006SV)
တွန်းဇံမြို့ကို ထိုးစစ်ဆင်ရန် စစ်ကြောင်းထိုးလာနေသည့် အာဏာသိမ်းစစ်တပ်၊ ZRA ပူးပေါင်းတပ်နှင့် ချင်းတော်လှန် ရေး ပူးပေါင်းတပ်များအကြား ဇလွီးချောင်းအနီးမှာ စစ်ရေးတင်းမာနေပြီး မြေပြင်တိုက်ပွဲကြီးများ မဖြစ်ပွားသေးသော် လည်း ဒရုန်းတိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တွန်းဇံမြို့ကို တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်နှင့် ZRA – EC ပူးပေါင်းတပ်တို့သည် မေလ ၁၁ ရက်မှစတင်၍ တီးတိန်တွင် စစ်အင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းပြီးနောက် စတင်စစ်ကြောင်းထိုးလာသည်ဟု သိရသည်။
ယနေ့ မေလ ၁၃ ရက်တွင် တီးတိန်မြို့အောက်ဘက်ရှိ ဇလွီးချောင်းအနားတစ်ဝိုက်တွင် နှစ်ဖက်တပ်များ စစ်ဆိုင်ထား ပြီး စစ်ရေးတင်မားနေသောကြောင့် တိုက်ပွဲများ မကြာခင် ဖြစ်ပွားလာနိုင်သည်ဟု CDF – တွန်းဇံ ဥက္ကဌ ထန်ဆွန်းမုန်က ပြောသည်။
“တီးတိန်အောက် ဇလွီးချောင်းနားတစ်ဝိုက်မှာပဲ နှစ်ဖက်တပ်တွေကြား စစ်ရေးတင်းမာနေပါတယ်။ တိုက်ပွဲတော့ မကြာခင် ဖြစ်မှာပါ။ သူတို့ စစ်ကြောင်းက ဇလွီးထိတော့ ကားနဲ့ ဆင်းကြတယ်။ ရှေ့အဖွဲ့က ခြေလျင်သွားတယ်။ သူတို့အခြေအနေ အသေးစိတ်တော့ မသိနိုင်ဘူး။ စစ်ကြောင်းက ZRA နဲ့ ပူးပေါင်းပြီးတော့ ZRA တပ်တွေက ရှေ့မှာလည်း ပါတယ်၊၊ အလယ်မှာလည်း လိုက်တယ်။ နောက်မှာလည်း ကျန်ခဲ့တယ်လို့ပဲ သိထားတယ်။ ZRA နဲ့ ပူးပေါင်းပြီးတော့ တွန်းဇံကို တိုက်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ ထိတွေ့တိုက်ပွဲကြီးတွေတော့ မဖြစ်သေးဘူး။ ကျနော်တို့က ဒရုန်းနဲ့ ကြဲတယ်။ သူတို့လည်း ဒရုန်းကြဲတယ်” ဟု CDF – တွန်းဇံ စစ်ဦးစီးချုပ် ပူးထန်ဆွန်းမုန်းက ပြောသည်။
ဒရုန်းတိုက်ခိုက်မှုများတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁ ဦးသည် ဒူးမှာ ဒဏ်ရာ အနည်းငယ် ရရှိသည်ဟု သိရသည်။
လက်ရှိတွင် တွန်းဇံမြို့၏ လုံခြုံရေးအတွက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော CNA၊ CDF-Tonzang (Zo galkap)၊ R-CDF နှင့် Zo Chin Defense Force (Zo Army) စသည့် ပူးပေါင်းတပ်ဖွဲ့ ၄ ဖွဲ့က စစ်တပ်နှင့် ZRA ထိုးစစ်ကို ခုခံရန် ပြင်ဆင်ထားသည်ဟု သိရသည်။
လိုအပ်ပါက မဟာမိတ်တပ်ဖွဲ့များလည်း အချိန်မရွေး ပူးပေါင်းကာကွယ်နိုင်ရန် ပြင်ဆင်ထားသည်ဟု မေလ ၁၂ ရက် CDF-Tonzang က ထုတ်ပြန်ထားသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အသွင်ပြောင်း စစ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် လက် လွှတ်ထားရသည့် မြို့များကို ပြန်လည်ထိန်းချုပ်ချင်သည့်အတွက် ချင်းပျူစောထီးအဖွဲ့ ZRA – EC နှင့်ပူးပေါင်း၍ တွန်းဇံမြို့ကို ထိုးစစ်ဆင်ခြင်းဖြစ်နိုင်သည်ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“အဓိကက အခု မင်းအောင်လှိုင် အစိုးရက ရက် ၁၀၀ စီမံကိန်း ရှိတယ်။ အဲဒီရက် ၁၀၀ အတွင်းမှာ သူတို့အရင်တုန်းက ဆုံးရှုံးထားတဲ့ မြို့တွေ၊ နေရာတွေကို သူတို့က ပြန်လည်ထိန်းချုပ်ချင်တဲ့ ဟာက အဓိကပဲ။ အဲဒါကြောင့် သူတို့က ဖလမ်းပဲ ဖြစ်ဖြစ်၊ တွန်းဇံပဲ ဖြစ်ဖြစ်၊ ပြီးတော့ မြောက်ပိုင်းဟာလည်း မကြာခင် ထိုးစစ်ဆင်မယ်လို့ သတင်းကြားတယ်။ အဲဒါကြောင့်မို့ သူတို့က ဆုံးရှုံးထားတဲ့ မြို့တွေကို ပြန်လိုချင်လို့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ လုပ်တာ။ အဲဒါကြောင့် ထင်တယ်” ဟု တွန်းဇံ-ပအဖအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိမှာ တွန်းဇံမြို့ပေါ်တွင် သက်ကြီးရွယ်အို၊ ကလေးငယ်နှင့် အမျိုးသမီးတို့သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် နေရပြီး လူငယ်၊ လူလတ်ပိုင်းတချို့သာ အိမ်စောင့်အဖြစ် ကျန်ရှိတော့သည်ဟု သိရသည်။
CDF – တွန်းဇံ စစ်ဦးစီးချုပ် ပူးထန်ဆွန်းမုန်းကလည်း တွန်းဇံမြို့ပေါ် အခြေအနေသည် “ကြက်တောင် မတွန်တော့ဘူး” ဟူ၍ စစ်ဘေးရှောင်ရမှုအခြေအနေကို မှတ်ချက်ပြု ပြောသည်။
စစ်ဘေးရှောင်ရမှုအရေအတွက်ကို အတိအကျ မသိရသေးသော်လည်း တွန်းဇံမှာ မိုးရွာသွန်းမှု ရှိနေ၍ မိုးကာ၊ ဆေးဝါး နှင့် အခြေခံစားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
စစ်ကောင်စီတပ်အင်အား ၅၀၀ – ၆၀၀ ခန့်နှင့် ZRA မှ အင်အား ၂၀၀ နီးပါးတို့သည် တွန်းဇံမြို့ကို ထိုးစစ်ဆင်ရန် စစ်ကြောင်းထိုးနေသည်ဟု တီးတိန်မြို့ဒေသခံများထံမှ သိရသည်။
ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် မေလ ၁၁ ရက် မှစတင်၍ တီးတိန်-တွန်းဇံ လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း CDF – တွန်းဇံက ကြေညာထားသည်။
စစ်ကိုင်း၊ ကလေးမြို့မှ သံချပ်ကာကားတစ်စီး အပါအဝင် အင်အား ၆၀၀ ကျော်ဖြင့် တက်လာသည့် စစ်တပ် စစ်ကြောင်း သည် တီးတိန်မြို့သို့ မေလ ၈ ရက်က ရောက်ရှိနေပြီးနောက် မေလ ၁၁ ရက်မှာ တွန်းဇံမြို့ကို စတင်ထိုးစစ်ဆင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်ဟု သိရသည်။
၂၀၂၄ ခုနှစ် မေလထဲမှာ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး လက်ရှိတွင် မြို့ပြ ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို CDF-Tonzang ဦးဆောင်သော မြို့နယ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

