Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံတွင် အရွယ်ရောက်လူငယ်တိုင်း စစ်မှုထမ်းရမည်၊ စစ်မှုမထမ်းလိုပါက နယ်နှင်ဒဏ် ပေးမည်ဟုဆို

တွန်းဇံတွင် အရွယ်ရောက်လူငယ်တိုင်း စစ်မှုထမ်းရမည်၊ စစ်မှုမထမ်းလိုပါက နယ်နှင်ဒဏ် ပေးမည်ဟုဆို

0
By Editor on February 23, 2026 Headline

(006SV)

ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို တပ်သားသစ် စတင်စုဆောင်း‌တော့မည်ဖြစ်ပြီး စစ်မှုမထမ်းလိုပါက နယ်နှင်ဒဏ် ပေးမည်ဟု တွန်းဇံမြို့နယ်ကောင်စီက ကြေညာသည်။

ဖေဖော်ဝါရီလ ၂၂ ရက်မှ စတင်၍ တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်များ၊ တွန်းဇံမြို့နယ်အတွင်းသို့ ရောက်ရှိလာသော အသက် ၁၆ နှစ်မှ အသက် ၃၅ နှစ်အကြားရှိ လူငယ်များကို CDF – တွန်းဇံဇိုတပ်ဖွဲ့နှင့် ချင်းလဲန်းကောင်စီ (CC) တပ်ပေါင်းစုအတွက် တပ်သား သစ် စုဆောင်းမည်ဖြစ်သည်။

တပ်သားသစ် စုဆောင်းရေးကိစ္စသည် ချင်းလဲန်းကာကွယ်ရေးဌာနက အတည်ပြု ပြဌာန်းထားသည့် မူဝါဒဖြစ်ပြီး လက်ရှိ CDF တွန်းဇံတပ်ဖွဲ့ တစ်ခုတည်းသာ မဟုတ်ဘဲ ချင်းလဲန်း ကာကွယ်ရေးဌာနအောက်ရှိ အဖွဲ့ဝင်တိုင်း အကျုံးဝင်ဖော်ဆောင်ရမည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။

“တပ်သားစုဆောင်းရေးကိစ္စက ချင်းပြည်ချင်းလဲန်းကာကွယ်ရေးဌာနကနေ အတည်ပြု ပြဌာန်းထားတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ ဒီဟာတွေက တွန်းဇံပဲ မဟုတ်ပါဘူး။ ကာကွယ်ရေးဌာနအောက်မှာ ရှိတဲ့ တပ်ဖွဲ့ဝင်အဖွဲ့တိုင်းအတွက် အသုံးဝင်ပါတယ်။ လက်ရှိမှာ ကျနော်တို့ အားလုံး လူငယ်တိုင်းမှာ တာဝန်ထမ်းဆောင်ရမယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဒီဟာက လူတိုင်းမှာ တာဝန်ရှိတယ်။ လက်တွေ့လုပ်ဆောင်နိုင်ဖို့က လူငယ်တိုင်းမှာ တာဝန်ရှိတယ်။ ဒီဟာတွေကို အားလုံး နားလည်ဖို့ လိုတယ်။ ချင်းပြည်ကို လွတ်မြောက်စေချင်ရင်တော့ မြန်မာနိုင်ငံကို လွတ်မြောက်စေချင်ရင်တော့ အာဏာရှင်စနစ်ဆိုးကြီးကနေ လွတ်မြောက်စေချင် ရင်တော့ မည်သူမဆို တာဝန်ရှိတယ်ဆိုတာ အားလုံး သိဖို့ လိုပါတယ်” ဟု Salai Nai John Kim က ပြောသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၄ ရက် ပြုလုပ်သော Defense Coordination Team (DCT) ၏ ပထမ အကြိမ် Zoom အစည်းအဝေး (၁/ ၂၀၂၆) ဆုံးဖြတ်ချက် (၁) အရ CDF တွန်းဇံဇိုတပ်ဖွဲ့က တွန်းဇံမြို့နယ် ကောင်စီ ဦးဆောင်ကော်မတီဝင်များ၏ ဦးဆောင်မှုဖြင့် တပ်သားသစ် စုဆောင်းမှုများကို ဆောင်ရွက်မည်ဟု တွန်းဇံမြို့နယ် ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်များသည် CC တပ်ပေါင်းစုနှင့် CB တပ်ပေါင်းစုတို့၏ သိမ်းပိုက် ရရှိထားသော ချင်းပြည်ရှိ လွတ်မြောက် နယ်မြေများကို ပြန်လည် ရရှိနိုင်ရေးအတွက် စစ်မှုမထမ်းမနေရစနစ် ပြဌာန်းကာ ကလေးမြို့မှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးလာပြီး သိုင်းငင်းနှင့် ဝေဘူလမှ ဖလမ်းမြို့အနီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွန်းဇံမြို့နယ်ကောင်စီက ထုတ်ပြန်သည်။

ချင်းပြည်အစိုးရက လူငယ်တိုင်း စစ်မှုမထမ်းမနေရ စနစ် ဖော်ဆောင်ရမှုသည် လက်ရှိတော်လှန်ရေးကာလတွင် ပြည်သူ တစ် ယောက်ချင်းစီးက ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရေးအတွက် လူငယ်တိုင်း၊ လူတိုင်း ပါဝင်၍ ရစေရန် ပြဌာန်းခြင်းဖြစ်သည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။

“လက်နက်ကိုင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားနေပြီးဆိုရင် လက်နက်ကိုင်တစ်ခုရဲ့ လိုအပ်ချက်နဲ့အညီ လုပ်သင့် လုပ်ထိုက်တာကို လုပ်ရမှာ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဘယ်အဖွဲ့အစည်းမဆို ကိုယ့်ရဲ့အဖွဲ့အစည်းမှာ ဘာလုပ်သလဲ ဆိုတာ အကုန်လုံး ရှိသလို ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းမှာလည်း လက်နက်ကိုင်အနေနဲ့ လုပ်သင့် လုပ်ထိုက် တာတော့ အင်အားတည်ဆောက်စရာ ရှိရင် တည်ဆောက်မယ်။ လက်နက်ခဲယမ်း တည်ဆောက်စရာ ရှိရင် တည်ဆောက်မယ်။ ဒါက ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ သိထားဖို့ကတော့ အခုက တော်လှန်ရေး ကာလဖြစ်တယ်ဆိုတာ နံပါတ်တစ် သိထားဖို့ လိုတယ်။ ပြည်သူ တစ်ယောက်ချင်စီတိုင်းက ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ ကျနော်တို့နဲ့ အတူတကွ တိုက်ပွဲဝင်ဖို့ လိုတယ်။ အဓိက လူငယ် လူရွယ်တွေ လိုအပ်တယ်။ ကျနော်တို့က သူများတိုက်ပြီးမှ အောင်မြင်တဲ့ဟာတွေ၊ သူများ ကျရှုံးတဲ့ ဟာတွေကို အာသာဖြေ ရေးရုံနဲ့ သူများ တိုက်လို့ အောင်မြင်လို့ ဖေ့ဘွတ်လိုင်းပေါ်မှာ ဝမ်းသာ၊ ဂုဏ်ယူနေရုံနဲ့ မပြီးဘူး။ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဖို့ အချိန်ဖြစ်နေပြီး ဆိုတာကိုလည်း ဒါကြောင့် ဒီဟာတွေကို ကျနော်တို့ လူငယ်တိုင်း လူတိုင်း ပါဝင်လို့ ရအောင် အဓိက ပြဌာန်းထားတာ ဖြစ်ပါတယ်” ဟု Salai Nai John Kim က ပြောသည်။

လက်ရှိတွင် တွန်းဇံမြို့နယ်ကောင်စီသည် တပ်သားသစ် စုဆောင်းခြင်း အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်လျက် တွန်းဇံ မြို့ နယ်အတွင်းရှိသူ လူငယ် လူရွယ်များကို တွန်းဇံမြို့နယ်အတွင်းမှ ခရီးထွက်ခွာခွင့် ကန့်သတ်လိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာ တွန်းဇံမြို့နယ်ကောင်စီက ထပ်မံကြေညာသည်။

တွန်းဇံမြို့နယ်အတွင်းရှိ အမျိုးသားဖြစ်လျှင် အသက် ၁၆ နှစ်မှ အသက် ၃၅ နှစ်၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား တို့သည် CDF တွန်းဇံဇိုတပ်ဖွဲ့နှင့် CC တပ်ပေါင်းစုအတွက် တပ်သားသစ် စုဆောင်းမှုတွင် အကျုံးဝင်သည်ဟု သိရသည်။

တွန်းဇံမြို့နယ်တွင် မှီးတင်နေထိုင်သော စစ်မှုထမ်းရန် အကျုံးဝင်သူ လူငယ်များ၏ မိသားစုဝင် တစ်ခုခုသည် စစ်မှုမထမ်းလိုပါက ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြဌာန်းထားသော ဥပဒေအရ တွန်းဇံမြို့နယ်မှ နယ်နှင်ဒဏ်ပေးမည်ဟု သိရသည်။

ဒေသခံပြည်သူများနှင့် ပြင်ပမှ ရောက်လာသော ပြည်သူများအနေဖြင့် ယင်းမူဝါဒများကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှ စတင်၍ လက်တွေ့အကောင်အထည်ဖော် လိုက်နာရ မည်ဖြစ်ကြောင်း တွန်းဇံမြို့နယ်ကောင်စီက ထုတ်ပြန်ထားသည်။

CDF တွန်းဇံတပ်ဖွဲ့သည် တွန်းဇံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်၍ လူငယ်များကို စုဆောင်းနေပြီး ၎င်းတို့ အထဲတွင် တောင်ယာသွားသော လူငယ်များ ပါဝင်ကြောင်း၊ အရေအတွက်အတိအကျကို မသိရှိရသေးကြောင်း ၊ စစ်မှုထမ်း အကျုံးဝင် လူငယ် အများအပြား အိန္ဒိယသို့ ထွက်ပြေးနေကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အခုတလောဆိုရင် တွန်းဇံနယ်တဝိုက်မှာ လူငယ်တွေက အဲဒီ ထုတ်ပြန်ချက်ကို မြင်မြင်ချင် ၊ အမျိုးသားကော၊ အမျိုးသမီးရော အဲဒီ အသက် ၁၆ နှစ်ကနေ ၃၅ လူငယ်တွေ အကုန်လုံးက အိန္ဒိယဘက်၊ မီဇိုရမ်ဘက်တို့ကို ၊ ချူရီချန်ပူဘက် အများအားဖြင့် ထွက်ပြေးတာ များတယ်။ အခုလောလောဆယ်ပေါ့နော်။ ဒါက တော်တော် လေးကို စိုးရိမ်စရာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့လည်း အဲဒီထုတ်ပြန်ချက်ကို အားမပေးဘူး၊၊ ရှုတ်ချတယ်ဆိုရင်လည်း ဒါက CC ရဲ့ မူဝါဒတစ်ခု ဖြစ်တဲ့အတွက်ကြောင့်လည်း သိပ်ပြီး မဆုံးဖြတ်ချင်ဘူး။ ဒါပေမယ့် အဲလောက်အထိ လုပ်တာကတော့ အားမပေးဘူး။ ပြည်သူ့အုပ်ချုပ်ရေးအနေနဲ့ပေါ့နော်။ ဒါပေမယ့် လည်း ချင်းလဲန်းကောင်စီက သူတို့ရဲ့ အစည်းအဝေးကနေ အတည်ပြုပြီးတော့ အဲဒီ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ အဲဒါကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ချင်းလဲန်းကောင်စီက အစည်းအဝေးမှာ ဆွေးနွေးပြီးမှ အတည်ပြုတာပါ” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းလဲန်းကောင်စီ၏ တပ်သားသစ် စုဆောင်းရေး မူဝါဒတွင် ပါဝင်သည့် အသက် ၁၆ နှစ်၊ ၁၇ နှစ်၊ ၁၈ နှစ် အရွယ်တို့သည် ကျောင်း နေအရွယ် ကလေးများဖြစ်သည့်အတွက် အသက်ကန့်သတ်ချက်ကို ပြန်လည်းစဉ်းစား ပြင်ဆင်စေလိုကြောင်း သိရသည်။

ချင်းပြည်၏ အနာဂါတ်အတွက် ချင်းလူငယ်များကို ၁၀ တန်းအောင် သို့မဟုတ် အထက်တန်းပြီးမှသာ တပ်သားသစ် စုဆောင်စေ ချင်သည်ဟု အကြံပြုထားသည်။

“ဖြည့်စွက်ပြီး ပြောချင်တာက လူငယ်တွေက အခုချိန်မှာ တော်လှန်ရေးမှာ ပါဝင်ဖို့က ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ၁၆၊ ၁၇၊ ၁၈ ဆိုတာက ကျောင်းနေအရွယ်ကလေးတွေ ဖြစ်တဲ့အတွက် ကျနော်တို့ အကုန်လုံး ဒီလို လုပ်လိုက်ရင် အကုန်လုံး စစ်မှုထမ်း လိုက်ရင် ဘယ်သူက ပညာသင်ပြီးမှ အနာဂါတ်ချင်းပြည်အတွက် ဘယ်သူက ဦးဆောင်တော့မလဲနော။ ဖြစ်နိုင်ရင်၊ ကျနော်တို့ ဖြစ်စေချင်တာက ကျောင်းနေအရွယ်ကလေးတွေကို တပ်သားစုဆောင်းမှု ဥပဒေထဲမှာ ဥပမာ – ၁၉ နှစ်ဆိုရင် ၁၀ တန်းအောင်၊ ၁၁ တန်းအောင်တွေ ဒီလောက်ဆိုရင် သင့်တော်တယ်။ ဒါပေမယ့် ၁၅၊ ၁၆၊ ၁၇ ဆိုရင် ကျနော်တို့ ချင်းပြည်ရဲ့ အနာဂါတ်အတွက် ကတော့ ပညာနဲ့ မတည်ဆောက်တော့ပဲနဲ့ လက်နက်နဲ့ တည်ဆောက်တော့မလား၊ အဲဒါကို တော်တော်စိုးရိမ်းတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ချင်းလဲန်းကောင်စီပဲ ဖြစ်ဖြစ်၊ တခြား CDF ပဲ ဖြစ်ဖြစ် အဲဒီမူဝါဒကို ၁၈ ကပဲ ဖြစ်ဖြစ် အဲလိုပြုပြင်ပေးနိုင်ရင် ကောင်း မယ်လို့ အကြံပြုချင်ပါတယ်။ အဲလို မဟုတ်ဘူးဆိုရင် ကျနော်တို့ ပညာရေးကိစ္စက တော်တော်လေးကို ထိခိုက်သွားမှာ ဖြစ်တယ်။ ၁၆ နှစ်အရွယ်တွေက ခေတ်ပျက်ထဲမှာ ၇ တန်း၊ ၈ တန်းလောက်ပဲ ရှိသေးတယ်။ အဲဒါကြောင့် ဘာပဲ ဖြစ်ဖြစ် အခြေခံအထိတော့ ပြီးမြောက်အောင် သင်ယူလိုက်ရင်တော့ ကောင်းတယ်လို့ မှတ်ချက်ပေးချင်ပါတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ ကဏ္ဍအသီးသီးမှာ ချင်းပြည် ကာကွယ်ရေးနှင့် ချင်းပြည်ရှင်သန် ရပ်တည်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရန် ချင်းလဲန်းကောင်စီ (CC) က ဖေဖော်ဝါရီလ ၂၀ ရက်က ကျရောက်သော ချင်းအမျိုးသားနေ့တွင် ကြေညာသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၏ ကာကွယ်ရေးအသုံးစရိတ်ကိုလည်း ယမန်နှစ်က ၆၅ ရာခိုင်နှုန်းမှ ယခုနှစ် ၂၀၂၆ ခုနှစ်ထဲတွင် ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.