(006SV)
ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲတွင် CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့က တစ်ဦးကျဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီတပ်က သေဆုံးမှုကို မသိသေးသော်လည်း ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာများဖြင့် ဟားခါးဆေးရုံရောက်နေသည်ဟု CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“ငါတို့ဖက်ကတော့ ထန်တလန်က တိုက်ပွဲမှာ ၁ ဦးကျဆုံးသွားတယ်။ ရဲဘော်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိထားတယ်။ စစ်ကောင်စီဘက်ကတော့ ၁၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိပြီးတော့မှ ဟားခါးဆေးရုံရောက်နေတယ်။ သူတို့ဘက်က အသေအပျောက်ကိုက အခု မသိသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
စက်တင်ဘာလ ၂၅ ရက်ကဖြစ်ပွားတဲ့ ထန်တလန်မြို့တွင်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် (CNF/CNA) မှ တတ်ကြပ်ကြီး ဆလိုင်းလိန်းဟုန် ကျဆုံးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် CNF/ CNA နှင့် CDF ထန်တလန်တို့ တပ်စွဲစိုးမိုးထားသည့် နေရာများကို စက်တင်ဘာလ ၂၀ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်လာရာ ထိတွေ့တိုက်ပွဲမှာ တစ်ပတ်ကျော်ကြာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု The Chin Journal က ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများကို ကိုးကားပြီး ဖော်ပြထားသည်။
ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး ထန်တလန်မြို့ တိုက်ပွဲနေရာသို့ စစ်အင်အားများလည်း ဖြည့်တင်းနေသည်ဟု သိရသည်။
ထန်တလန်မြို့တွင်းရှိ တပ်ကုန်းအပါအဝင် ၎င်းအနီးက စခန်း (၅) ခုအပြင် တခြားမြို့တွင်းက စစ်စခန်းငယ် (၂) ခုနှင့် ဟားခါး- ထန်တလကြားရှိ Auto Tower တောင်တို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့ (၄) ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲများတွင် စစ်ကောင်စီက ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊
ချင်းပူးပေါင်းတပ်က ၁၅ ဦး ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု CDF ထန်တလန်က ထုတ်ပြန်ထားသည်။