ချင်းပြည်နယ် ထန်တလန်မြို့နယ် Khuafo ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ယနေ့မနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
ထန်တလန်မြို့တွင် ယနေ့မနက်ပိုင်း ၅ နာရီခန့်က စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၏ စခန်းတစ်ခု သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင်ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားသည့်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိမည်ဟု ယူဆသောနေရာများကို တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ Khuafo ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လူထိခိုက်မှုရှိ/မရှိနှင့် အသေးစိတ်ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း Khuafo ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
အလားတူ ဩဂုတ်လ ၁၃ ရက် ညကလည်း ဟားခါးမြို့နယ် Loklung ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
Photo – Thawngthar leh Kan Lairam