(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသော အာဏာသိမ်းစစ်တပ် နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။
ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟူ၍ ဇူလိုင်လ ၁၆ ရက်က စစ်တပ်၏ ကြေညာချက်မှာ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချီမှုသာဖြစ်သည်ဟု CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အခုလက်ရှိအခြေအနေက ထန်တလန်မြို့မှာ တချို့နေရာတွေမှာ ကျနော်တို့ ခြေကုတ်နေရာယူထားတာ ရှိသေးတယ်။ သူတို့က အကုန်လုံး ထိန်းချုပ်ထားတယ်လို့ ကြေညာထားပေးမယ့် သူတို့က လိမ်ညာမှုသာ ဖြစ်ပါတယ်ဆိုတာ သိစေချင်ပါတယ်။ အခုလက်ရှိ ဒီအနေအထားမှာလည်း နေ့စဉ်မပြတ် စောင့်ကြည့်ပြီးမှ ဘယ်အချိန် တိုက်ပွဲ ပြန်စဖြစ်မလဲဆိုတာ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒရုန်းဗုံးကတော့ ကျနော်တို့ဘက် အနေနဲ့လည်း ထု (ပစ်)နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဘက်က ထိန်းချုပ်ထားတယ်လို့ ပြောထားပေမယ့် သူတို့ကြိုက်တဲ့ နေရာကို မသွားလာနိုင်ပါဘူး။ သူတို့ ခြေကုတ်ယူထားတဲ့ နေရာမှာပဲ အထိုင်စခန်းပုံစံနဲ့ ချနေတာပဲ ဖြစ်ပါတယ်” ဟု CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဇွန်လဆန်းမှာ ဟားခါး- ထန်တလန်လမ်းကြောင်းမှတဆင့် ထန်တလန်မြို့ကို စစ်အင်အားရာချီ ဖြည့်တင်း၍ အင်အားအလုံးအရင်းဖြင့် တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့ပေါ်ရှိ နေရာ ၁၁ နေရာခန့်မှာ အထိုင်စခန်းများအဖြစ် ဖြန့်ခွဲ၍ ခြေကုတ်ယူထားသည်ဟု သိရသည်။
လက်ရှိမှာ ထန်တလန်မြို့၏ ခန့်မှန်းဧရိယာ ၇၅ ရာခိုင်နှုန်းကို စစ်တပ်က နေရာယူ စိုးမိုးထားပြီး ကျန်ဧရိယာများကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း၊ ဇွန်လမှစတင်၍ မြို့၏ ဧရိယာအများစုကို ချင်းပူးပေါင်းတပ်က ထိန်းချုပ်ထားရာမှာ နေရာတချို့ကို လက်လွှတ်ခဲ့ရသည်ဟု သိရသည်။
စစ်တပ်၏ ထန်တလန်မြို့သိမ်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်သည် ဒေသခံပြည်သူများကို ဖလမ်းမြို့ပုံစံကဲ့သို့ ပြန်လည်ထူထောင်ရေး ခေါင်းစဉ်ဖြင့် ဒေသခံများကို ဆွဲဆောင်စည်းရုံးနိုင်ရေးဖြစ်ကြောင်း၊ ဒေသခံလူထု အင်အားဖြင့် ထန်တလမြို့ကို အလုံးစုံ ဝင်နိုင်ရေးအတွက် စိတ်ဓါတ်စစ်ဆင်ရေးအနေဖြင့် ကြေညာလာခြင်းဖြစ်သည်ဟု သိရသည်။
ဇွန်လ ၄ ရက်က အင်အား ၃၀၀ မှ ၄၀၀ ခန့်ရှိသော စစ်တပ်သည် ဟားခါးမှ ထန်တလန်သို့ စစ်ကြောင်းထိုးလာရာ ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၉ ရက်မှာ ထန်တလန်မြို့ကို ဝင်ရောက်နိုင်ခဲ့သည်ဟု သိရသည်။
ဇွန်လ ၁၀ ရက်မှ စတင်၍ ထန်တလန်မြို့ပေါ်က နေရာများကို လူအင်အား၊ လက်နက်ကြီး၊ ဒရုန်းအကြီးစားများနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တချို့တိုက်ပွဲများတွင် အဆိပ်ငွေ့ပါသော ဓါတုဗုံးများကို စစ်တပ်က အသုံးပြုခဲ့သည်ဟု CDF – ထန်တလန်တပ်ဖွဲ့ထံမှ သိရသည်။
စစ်တပ်၏ ဇူလိုင်လ ၁၆ ရက် ထုတ်ပြန်ချက်တွင် ဇွန်လ ၁၃ ရက်မှာ ထန်တလန်မြို့မရဲစခန်းနေရာ၊ ၁၉ ရက်မှာ အမှတ် ၃ မူလတန်းကျောင်းနေရာ၊ ဇူလိုင်လ ၅ ရက်မှာ အမှတ်၁ အခြေခံပညာအထက်တန်းကျောင်းနေရာ၊ ၈ ရက်မှာ ထန်တလန်ပြည်သူ့ဆေးရုံးနေရာ၊ ၁၂ ရက်မှာ မီးသတ်ရုံးနေရာ၊ ၁၅ ရက်မှာ ဟိုတယ်ဇုန်နေရာတို့ကို သိမ်းနိုင်ခဲ့ပြီး ထန်တလန်နှင့် အနီးဝန်းကျန်ဒေသကို အလုံးစုံပြန် ထိန်းချုပ်ခဲ့သည်ဟု ဝါဒဖြန့်ထားသည်။
တိုက်ပွဲများတွင် စစ်တပ်မှ ၃၀ ဝန်းကျင်ခန့် သေဆုံးပြီး ၅၀ ခန့် ထိခိုက်ဒဏ်ရာများ ရှိခဲ့ကြောင်း၊ ချင်းတော်လှန်ရေး တပ်ဖွဲ့မှလည်း CNA နှင့် CDF – ထန်တလန်မှ ရဲဘော်များအပါအဝင် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိမှု၊ ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး အားကောင်းသော ထန်တလန်မြို့သည် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မြို့ကို ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန် ထိုးစစ်ဆင် သိမ်းယူနေခဲ့သည်ဟု သိရသည်။
ထန်တလန်မြို့ရှိ လူနေအိမ်အပါအဝင် ဘာသာရေးအဆောက်အအုံများ၊ အရပ်ဖက်ဌာန အဆောက်အဦးများကို ချင်းတော်လှန်ရေးတပ်များက ဖျက်စီးသည်ဟူ၍ စစ်တပ်က ဝါဒဖြန့်နေသော်လည်း ထန်တလန် နှစ်ခြင်းဘုရား ကျောင်းကြီးအပါအဝင် မြို့ပေါ်ရှိ နေအိမ်နှင့် အဆောက်အဦး ရာချီကို စစ်တပ်က မီးတင်ရှို့ခဲ့သည်ကို သက်သေအထောက်အထားများအရ သိရသည်။

