အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူး ကားလမ်းမပေါ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူများကို အိန္ဒိယဘက်က အစကနဦးပိုင်းတွင် လက်မခံခဲ့သော်လည်း ထာဒိုလူကြီးများမှ သွားရောက်တောင်းဆိုပြီးနောက် ပြန်လည်လက်ခံလိုက်ပြီဟုသိရသည်။
Thado Inpi Myanmar အဖွဲ့မှ ထာဒိုလူကြီးများသည် ယမန်နေ့က အိန္ဒိယဘက်ခြမ်းမှာရှိသော ထာဒို/ကူကီး လူမျိုး များနေထိုင်သည့်ကျေးရွာလူကြီးများနှင့်တွေ့ဆုံခဲ့သည့်အပြင် အိန္ဒိယစစ်တပ်အကြီးအကဲများနှင့်လည်းတွေ့ဆုံကာ အရေးပေါ်အခြေအနေကြောင့် စစ်ဘေးရှောင်လာကြသူများကို လူသားချင်းစာနာထောက်ထားမှုဖြင့် လက်ခံပေးကြရန် တောင်းဆိုခဲ့ရာမှာ အိန္ဒိယဘက်က သဘောတူလက်ခံခဲ့ကြသည်ဟု Thado Inpi Myanmar အဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။
“အိန္ဒိယကအရင်ကလိုမဟုတ်တော့ဘူး သူတို့ဘက်ကို ဝင်ရောက်မယ့် စစ်ရှောင်တွေကို နယ်စပ်ဖြတ်ကျော်ခွင့် (Border Pass) မရှိရင် လက်မခံဘူး။ ဒါကြောင့်ကျနော်တို့ ထာဒိုခေါင်းဆောင်တွေက အိန္ဒိယမှာရှိတဲ့ ရွာသူကြီးတွေနဲ့သွားတွေ့ တယ်၊ အိန္ဒိယစစ်တပ် တာဝန်ရှိသူတွေနဲ့သွားတွေ့တဲ့အခါကျတော့ စစ်ဘေးရှောင်တွေက Border Pass တွေလည်း မလုပ်အားဘူး ပိုက်ဆံလည်းမရှိဘူး အရေးအပေါ်အခြေအနေနဲ့စစ်ရှောင်တဲ့အခါမျိုးမှာ အိန္ဒိယဘက်က ခွင့်ပြုပေးပါ ဆိုပြီး တောင်းဆိုတော့ သူတို့ကခွင့်ပြုပေးမယ် နားလည်ပေးမယ်ပြောပါတယ်” ဟု Thado Inpi Myanmar တာဝန်ခံ ကပြောသည်။
အိန္ဒိယ-မြန်မာနယ်စပ်ကိုကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကလေး-တမူးကားလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက ကလေး နှင့် တမူးမြို့ဘက်မှ နှစ်ဖက်ကြားညှပ်ကာ ထိုးစစ်ဆင်လာပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲများကြောင့် ကလေး-တမူးကားလမ်းမပေါ်က ခမ်းပါတ်မြို့အပါအဝင် ကနန်၊ ဘုက္ကန်၊ နမွန်းထာ စသည့်ကျေးရွာပေါင်း ၂၀ ကျော်ဝန်းကျင်က ဒေသခံပြည်သူများသည် ကလေးမြို့ဘက် နှင့် အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်ခဲ့ကြရသည်။
အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်သည့် စစ်ဘေးရှောင်များကို အိန္ဒိယစစ်တပ်က ဝင်ခွင့်မပြုသည့်အတွက် အခက် အခဲကြုံခဲ့ကြရပြီး ယခုအခါ ထာဒိုလူကြီးများ၏ တောင်းဆိုမှုကြောင့် ဝင်ခွင့်ရနေပြီဟုသိရသည်။
စစ်ရေးအခြေအနေကြောင့် ပိတ်ထားသည့် ကလေး-ရာဇဂြိုလ်-ခမ်းပါတ်ကားလမ်းမှာလည်း ယမန်နေ့ကစ၍ ပြန်လည်ဖွင့်ပေးနေပြီဟုသိရသည်။

