(004SS)
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများထံ လက်နက်များပါရှိသည့်အတွက် ဒေသခံပြည်သူ များအနေဖြင့် ခရီးသွားလာခြင်းနှင့် တောလိုက်ခြင်းများ ခေတ္တရှောင်ကြဉ်ကြရန် ZFU/PDF-Zoland က အရေးပေါ် သတိ ပေးနှိုးဆော်ထားသည်။
အထူးသဖြင့် တီးတိန်၊ ကပ်တဲလ်၊ လိုင်လွီး နှင့် မဏိပူရမြစ် ( ဒေသအခေါ် Meitei gun) ဝန်းကျင်ဒေသများသို့ သွားလာ ခြင်း၊ နယ်မြေဖြတ်သန်းခြင်း ခေတ္တပိတ်ပင်ထားကြောင်း သိရသည်။
ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများ၏ လက်ထဲတွင် လက်နက်များ ပါရှိသွားသည့်အပြင် လမ်းခရီး အန္တရာယ်ရှိနေသည့် အတွက် နယ်မြေလုံခြုံရေးအရ ဒေသခံများ သွားလာရေး အထူးသတိပြုကြရန် PDF-Zoland က အသိပေးထားခြင်း ဖြစ်သည်။
အဆိုပါ ပတ်ဝန်းကျင်တွင် လူစိမ်း သို့မဟုတ် မသင်္ကာဖွယ်ရာ ခရီးသွားများကို တွေ့ရှိပါက PDF-Zoland ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ချက်ချင်း ဆက်သွယ်သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ZFU/PDF-Zoland ၏ ထိန်းသိမ်းရေးစခန်း၌ ဂျီးနီးဗားကွန်ဗင်းရှင်း (Geneva Convention) နှင့်အညီ ထိန်းသိမ်းထားရှိသည့် စစ်သုံ့ပန်း ၈၀ ခန့်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ကာ သေနတ်အချို့ကို လုယူ၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသူများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် PDF-Zoland တပ်ဖွဲ့ဝင်များက နယ်မြေ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။ တဖက်မှာတော့ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများအနက် ထက် ဝက်ခန့်သည် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းထံ ဝင်ရောက်သွားပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။
စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ကပ်တဲလ်ကျေးရွာအနီးတွင် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားစဉ်အတွင်း တွီးတော့ ကျေးရွာမှ ပြန်လာသည့် လမ်းဇန် ကျေးရွာမှ နှစ်ခြင်းအသင်းတော် ပါစတာ Rev. Dal Thawn Tuang သည် ကျည်ဆန်ထိမှန် သေဆုံးခဲ့ရသည်။

