အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထောင်စုဝန်ကြီးနှစ်ဦး ဒေါက်တာလျန်မှုန်းဆာခေါင်နှင့် ဒေါက်တာငိုင်တမ်မောင်းတို့ကို ICNCC က ပုဂ္ဂိုလ်များနှင့် အစားထိုးပြောင်းလဲခန့်အပ်ပေးရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ထံ တင်ပြထားသည့်စာ ယမန်နေ့ညပိုင်းက လူမှုကွန်ယက်စာမျက်နှာတွင် ထွက်ပေါ်လာခဲ့သည်။
NUG အစိုးရအဖွဲ့မှ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်နှင့် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒုဝန်ကြီး ဒေါက်တာ ငိုင်တမ်မောင်းတို့သည် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ကိုယ်စားပြုအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရထံ စေလွှတ်ခြင်းခံရသူများဖြစ်ကြပြီး ယခုအခါ ICNCC မှာပါဝင်ခြင်းမရှိကြတော့သည့်အတွက် အစားထိုးရန် ICNCC က တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့မှ ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့က နှုတ်ထွက်သွားပြီဖြစ်သောကြောင့် ၎င်းနေရာတွင် ICNCC အလှည့်ကျသဘာပတိဖြစ်သူ ဒေါက်တာ Kenton Linn ကို အစားထိုးခန့်အပ်ပေးရန် ICNCC အလှည့်ကျသဘာပတိ ဆလိုင်းလျန်လွယ်က NUCC ထံ စက်တင်ဘာလ ၁၉ ရက်နေ့က တင်ပြခဲ့သည်ဟု အဆိုပါစာထဲတွင်ဖော်ပြထားသည်။
ဒေါက်တာငိုင်တမ်မောင်းသည်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ချင်းလဲန်းကောင်စီမှာ ပူးပေါင်းသွားပြီ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှာ ပါဝင်ခြင်းမရှိတော့သည့်အတွက် ၎င်းနေရာမှာ Salai Mang B Thang ကို အစားထိုးခန့်အပ်ပေးရန် ICNCC အလှည့်ကျသဘာပတိ ဒေါက်တာ Kenton Linn က စက်တင်ဘာလ ၁၉ ရက်နေ့မှာပင် NUCC ထံ တင်ပြခဲ့သည်ဟု ယင်းစာတွင်ဖော်ပြထားသည်။
အဆိုပါတင်ပြချက်များသည် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပေးပို့ခြင်းဖြစ်ပြီး NUCC အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးရန် တင်ပြအပ်ပါသည်ဟု ဖော်ပြထားသည်။
လူမှုကွန်ယက်ပေါ်ထွက်ပေါ်လာသည့် စာနှင့်ပတ်သက်၍ ICNCC ဘက်ကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးဘူး။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အခြားသော ပါဝင်သင့်သည့် အင်အားစုများဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။
ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။