(004SS)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဟတ်စတိုလ်းရပ်ကွက်တွင် အသက်မပြည့်သေးသည့် ချင်းလူငယ် ၄ ဦးအပါအဝင် စုစုပေါင်း လူငယ် ၅ ဦးသည် သက်ငယ်အလုပ်သမားအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၁၅ နှစ်မှ ၁၇ နှစ်ဝန်းကျင်ရှိ လူငယ်များဖြစ်ကြပြီး၊ ချင်းလူငယ် ၄ ဦးမှာ တီးတိန်မြို့နယ်မှ နယူးဒေလီမြို့သို့ စစ်ဘေးရှောင်အဖြစ်ရောက်ရှိလာသူများဖြစ်ကာ ကျန် ၁ ဦးမှာ ဒေသခံလူငယ်တစ်ဦးဖြစ် သည်။
အဆိုပါ လူငယ်များသည် ကြွေပန်းကန်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က အကောက်ခွန်ဌာနအဖွဲ့မှ ၎င်းကုမ္ပဏီအား ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု Zomi Community အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီလူငယ်တွေက ကြွေပန်းကန်ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကြတာ။ သူတို့ အလုပ်ဝင်တာလဲ မကြာသေးဘူး။ သူတို့က တစ်လကို ရူပီး ၇၀၀၀ လောက်ရကြတယ်တဲ့။ အစကတော့ သူတို့ကို ဖမ်းဖို့ မဟုတ်ဘဲနဲ့ custom အဖွဲ့ကနေ ကုမ္ပဏီကို အခွန်နဲ့ ပါတ်သက်ပြီး ဝင်ရောက် စစ်ဆေးတဲ့ အချိန်မှာ အလုပ်သမားတွေကိုလဲ စစ်ဆေးခံရပြီးတော့ အဲမှာ အသက်မပြည့်သေးကြောင်း ပေါ်လာပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒေသခံလူငယ် ၁ ဦးနှင့် ချင်းလူငယ် ၂ ဦး စုစုပေါင်း ၃ ဦးသည် ကုမ္ပဏီမှ တည်ဆဲဥပဒေနှင့်အညီ လျော်ကြေး ပေးဆောင်ပြီးနောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဟု သိရပြီး SLIC (Socio-Legal Information Centre) နှင့် CRC (Chin Refugees Committee) အပါအဝင် ကော်မြူနတီအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
ကျန် ချင်းလူငယ် ၂ ဦးကိုမူ အုပ်ထိန်းသူ အတိအကျမရှိသည်ကို အကြောင်းပြကာ ဆက်လက်ထိန်းသိမ်းထားဆဲဟု သိရသည်။
လက်ရှိတွင် ၎င်းတို့ ၂ ဦးနှင့်ပတ်သက်၍ UNHCR ဘက်မှ မည်သို့ဆောင်ရွက်ပေးမည်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု Zomi Community အဖွဲ့ဝင်တစ်ဦးကပြောသည်။
“သူတို့ ဖမ်းဆီးခံရတုန်းက သူတို့ မိဘတွေက ဘယ်မှာလဲ။ ဘယ်သူလဲ ကအစ ဘယ်သူကနင်တို့ကို တာဝန်ယူမှာလဲ။ နောက် ဆုံးမှာ ဘယ်ကော်မြူနတီအဖွဲ့ဝင်လဲ ဆိုပြီး ရုံးဘက်ကမေးရော။ အခုလွှတ်လာတဲ့သူတွေဆိုလဲ ကျွန်တော်တို့ကော်မြူနတီ ကနေသူတို့က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုပြီး ထောက်ခံချက်ရေးပေးပြီးတော့မှ ထုတ်ခွင့်ပေးတာ ဖြစ်တယ်။ ဒါကြောင့် ပြောချင်တာက ကိုယ်က Refugees နဲ့ ဒီရောက်လာပြီဆိုရင် CRC လား ဒါမှမဟုတ် ကော်မြူနတီတစ်ခုခုနဲ့ အချိတ်အဆက် လုပ်ဖို့ အရမ်းအရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဒုက္ခသည်များအနေဖြင့် အရေးကိစ္စတစ်ခုခုကြုံလာပါကလည်း UN, SLIC ရုံးသို့ တစ်ခါတည်း အကြောင်း ကြားထားသင့်ကြောင်း ၎င်းက ထပ်မံ အကြံပြုတိုက်တွန်းထားသည်။ နောက်နောင်တွင်လည်း ဒုက္ခသည်များအနေဖြင့် ကုမ္ပဏီတွင် အလုပ်လုပ်မည်ဆိုပါက ကုမ္ပဏီ၏ နောက်ကြောင်းကို အရင်စုံစမ်းပြီး သတိရှိရှိ သွားလာလုပ်ကိုင်ရန် အရေးကြီးကြောင်းလည်း သိရသည်။
ထိုသို့ သက်ငယ်အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် နယူးဒေလီမြို့၊ ဟတ်စတိုလ်းအတွင်းရှိ ကုမ္ပဏီအများစုက ဒုက္ခ သည် မြန်မာအလုပ်သမားများအား အလုပ်နားခိုင်းပြီး အချို့မှာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိသူရှိကြသော်လည်း အချို့မှာမူ ပြန်လည်လုပ်ကိုင်ခွင့်မရတော့ဘဲ အလုပ်လက်မဲ့ ဖြစ်နေကြသူများလည်းရှိကြောင်းသိရသည်။
“ကျွန်တော်က ကြက်ဖာတွေ ထုတ်တဲ့ ကုမ္ပဏီမှာ လုပ်တာ အဲဒီအသက်မပြည့်သေးတဲ့အလုပ်သမားတွေ ဖမ်းဆီးခံရ ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ကိုလဲ အလုပ်မလာခိုင်းဘူး။ ရဲထောက်ခံစာ ယူလာခဲ့လို့ပြောတယ်။ နောက် ၃ ရက်လောက် နေမှ အလုပ်ပြန်ခေါ်တာ။ ကျွန်တော့်အကိုဆို တစ်ခါသုံး ပန်းကန်ထုတ်တဲ့ ကုမ္ပဏီမှာ လုပ်တာ အဲလိုနားခိုင်းပြီးမှ ပြန်မခေါ် တော့ဘူး။ အဲလို ပြန်ခေါ်မခံရတဲ့သူတော်တော်များတယ်” ဟု ဟတ်စတိုလ်ရပ်ကွက်နေ အလုပ်နားခံရပြီးနောက် ပြန်လည် လုပ်ကိုင်ခွင့်ရရှိသူ လူငယ်တစ်ဦးက ပြောသည်။
နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည် အလုပ်သမားများသည် ဘာသာစကားအခက်အခဲများအပြင် ဒေသခံအလုပ်သမားများ ထက် ပိုမို ခိုင်းစေခံရခြင်း၊ ပုံမှန်လုပ်အားခထက် လျှော့ပေးခံရခြင်းများ ကြုံတွေ့နေကြရကြောင်း သိရပြီး ပျမ်းမျှအနေ ဖြင့်လစဉ် ရူပီး ၇၀၀၀ မှ တစ်သောင်းကျော်အထိ ရရှိကြသော်လည်း အိမ်ငှားခမြှင့်တက်ခြင်းကြောင့် တစ်ယောက်လုပ် အားခဖြင့် နေထိုင်စားသောက်ရေးအတွက် မလွယ်ကူကြောင်း သိရသည်။

