ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက အသက် ၁၆ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း/ပြည်ပ ထွက်ခွာခွင့်မပြုတော့ဘူးလို့ CDF-Mindat က ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
မင်းတပ်မြို့ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကိုစွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံး စတင်ခဲ့ဒေသဖြစ်ပါတယ်။
CDF-Mindat အနေနဲ့ ဘာကြောင့် လူငယ်တွေကို ပြည်တွင်း/ပြည်ပ ထွက်ခွါခွင့်မပြုတော့တာပါလဲ။ လက်ရှိ စစ်ရေးအခြေအနေနဲ့ CDF-Mindat ရဲ့အခြေအနေကကော် ဘယ်လိုအနေအထားရှိနေပါသလဲ။ ဒီကိစ္စနဲ့ပတ် သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ဘက်က စစ်ရေးအခြေအနေ အရင်ရှင်းပြလို့ရမလား။
ဖြေ။ ။ တောင်ပိုင်းဘက်ပြောရမယ်ဆိုရင် မတူပီဖက်မှာတော့ ဟိုတလောက စစ်ကြောင်းတွေရှိတာ ပြန်ဆုတ်သွားပြီ၊ မင်းတပ်နယ်ဘက်မှာတော့တိုက်ပွဲကမရှိဘူး၊ မင်းတပ်မြို့ပေါ်မှာတော့ မေလနဲ့ ဇွန်လကြားထဲ ၁၀ ကြိမ်ကျော်ကျော်တော့ မြို့ပြ ပြောက်ကျားပုံစံပစ်ခတ်နေတာရှိတယ်။ လောလောဆယ်တိုက်ပွဲ ဆိုလို့ ပေါက် ဘက်ကနေ ကျောက်ထု ဘက် ကို လာနေတဲ့ စစ်ကား ၁၀ စီးပေါ့နော် အဲ့တာတခု တော့ရှိတယ်။ မနေ့ တနေ့က စထွက်လာတာ (၃) ရက်ရှိပြီ အခုထိ ကျောက်ထုမရောက်သေးဘူး၊ စစ်ရေးတင်းမာနေတဲ့သဘောရှိတယ် ၊ တိုက်ပွဲဖြစ်လာနိုင်တဲ့သဘောရှိတယ်၊ မင်းတပ်မြို့ပေါ်မှာတော့ ၁၇ ရက်နေ့တကြိမ်၊ ၁၉ ရက်နေ့တကြိမ်တော့ ဖြစ်နေတယ်၊ ကာကွယ်ရေးရဲဘော်တဦးကတော့ အသေးစား ဒဏ်ရာရတယ်၊ စကစ ဘက်ကတော့ ၁၇ ရက်နေ့က ၁ ဦး၊ ၁၉ ရက်နေ့က ၁ဦးသေဆုံးတယ်လို့ ခန့်မှန်းရတယ်၊ ရှေ့ပိုင်း ကတော့ ပစ်ခတ်မူမှာထိခိုက်မှုသေဆုံးမှုတွေတော့မသိရဘူး၊ အတည်ပြုချက်မရနိုင်ဘူး။
မေး။ ။ မင်းတပ်မြို့နယ်မှာ CDF-Mindat ရဲ့စစ်ရေးထိန်းချုပ်မှုက ဘယ်လောက်ရှိပြီလို့ ပြောလို့ရမလဲ။
ဖြေ။ ။ စစ်ရေးထိန်းချုပ်မှုဆိုရင် စကစတွေက မင်းတပ်မြို့ပေါ် (၄) ရပ်ကွက်မှာတောင်မှ သိပ်မနေနိုင်တော့ဘူး လူငယ် တွေက မြို့ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ စိမ့်ဝင်စီးဆင်းနေတာရှိတယ်ပေါ့။ ဒါကြောင့်မြို့ပေါ်မှာ ဇွန်လ၊ မေလ (၂) လအတွင်းမှာကို တိုက်ပွဲက ၁၀ ကြိမ်ကျော် ၁၅ ကြိမ်နီးပါးဖြစ်ကြတာကိုး။ လူငယ်တွေက မြို့နဲ့မြို့ပတ်ဝန်းကျင်မှာ ပုံစံအမျိုးမျိုးနဲ့ နေရာယူ တာရှိတယ်ပေါ့နော်၊ ပြီးတော့မှ တိုက်ပွဲတွေ မကြာခဏဖော်ဆောင်နေတာမျိုးရှိတယ်။ ဆိုတော့ မြို့ပေါ်တောင်မှ သူတို့က မထိန်းချုပ်နိုင်တဲ့သဘောမျိုးတော့ ဖြစ်လာပြီ။
မေး။ ။ CDF-Mindat ရဲ့ ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်ချက်မှာ မင်းတပ်မြို့နယ်အတွင်းက ချင်းလူငယ်တွေ ပြည်တွင်း/ပြည်ပကို CDF-Mindat ရဲ့ ခွင့်ပြုချက်မပါဘဲ ထွက်ခွာခွင့်မပြုတော့ဘူးဆိုပြီးအသိပေး ထုတ်ပြန်တာ တွေ့ရပါတယ်။ ဘာကြောင့် အခုလို ထုတ်ပြန်ရတာပါလဲ။
ဖြေ။ ။ အားလုံးပါဝင်ရတဲ့တော်လှန်ရေးဖြစ်တယ်၊ လူငယ်တွေ မလေးရှားဘက်သော်လည်းကောင်း၊ ရန်ကုန် မန္တလေး ဘက်ထွက်သွားတယ်ပေါ့နော အဓိကသူတို့က စိုးရိမ်ကြတယ်ပေါ့လေ စိုးရိမ်တာရော ပြီးတော့ အနာဂတ်အတွက် ဆိုတဲ့ ပုံစံမျိုးနဲ့ ထွက်သွားတာပေါ့နော။ အခုက မြို့ပေါ်က ကလေးတွေ နယ်ဖက်ကလေးတွေက တနေ့ တနေ့ကို အယောက် ၄၀၊ အယောက် ၁၀၀ နီးပါးပေါ့ အစုလိုက်အပြုံလိုက် ကြီး သူတို့သွားနေတယ်၊ ရပ်ထဲရွာထဲမှာ လိုအပ်တဲ့ ရပ်ရွာအကျိုးပြုတဲ့ လုပ်ငန်းတွေကအစ မိဘတွေကို ကူညီစောင့်ရှောက်မှုကအစ ရပ်ရွာအကျိုးပြုတဲ့လုပ်ငန်းလုပ်ဖို့၊ လိုအပ်တဲ့ဟာတွေ လုပ်ဖို့ဆိုရင် လူဦးရေက မရှိတော့မှာပေ့ါနော်၊ ဒေသအတွင်းမှာတော့ရပ်ရွာအကျိုး၊ ဒေသအကျိုး တော်လှန်ရေးမှာပါဝင်ဖို့ လိုသေးတာကိုး၊ လူငယ်အချင်းချင်းမှာတောင်ပဲ သူတို့သက်တူရွယ်တူတွေအကုန်လုံးကတော်လှန်ရေးမှာပါဝင်နေကြတယ် သူတို့က ရန်ကုန်မှာသွားမယ်၊ ပြည်ပသွားမယ်ကိုယ့်ဘာသာကိုယ် စီးပွားရေးလုပ်မယ်၊ တော်လှန်ရေးကိုလည်းပဲ ပါဝင်ခြင်း၊ ထည့်ဝင်ခြင်းမရှိဘူး၊ တော်လှန်ရေးကောင်းသွားမှ အနိူင်ရသွားမှ သူများပင်ပင်ပန်းပန်းလုပ်ထားတဲ့ အသက်စွန့်ပြီး သွေး ချွေးနဲ့လုပ်ထားတဲ့ဟာကို ပြီးမှပဲ အဆင့်သင့် ခူးစားမယ်ဆိုတဲ့ပုံစံ၊ နိုင်ငံကိုတည်ဆောက်မယ့်အချိန် လမ်းဖောက်တဲ့ အချိန်၊ လုပ်အားနဲ့ပါဝင်ရမယ့်အချိန်မှာမပါဝင်ဘဲနဲ့ တနေရာကို ဘေးထွက်ရှောင်နေမယ် အဲ့လိုမျိုးမဖြစ်အောင်ပေါ့။ ကျွန်တော်တို့ ပိတ်တယ်ဆိုပေမယ့် ကျွန်တော်တို့က နာရေး၊ သာရေးအကုန်လုံးတိုင်ပင်ပြီးမှ ခွင့်ပြုလို့ရပါတယ်။
မေး။ ။ လူငယ်တွေပြည်တွင်းပြည်ပ ထွက်ခွာတာပိုများလာတယ်လို့ CDF-Mindat ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒါဘာကြောင့်ပါလဲ။
ဖြေ။ ။ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာ လူအမျိုးမျိုးရှိတယ်လေ၊ တော်လှန်ရေးကိုတစိုက်မတ်မတ်နဲ့ ပါဝင်တဲ့လူငယ်တွေရှိတယ်၊ တော်လှန်ရေးစိတ်ရှိသော်ငြားလည်း အတိမ်းအစောင်း မခံချင်တဲ့လူငယ်တွေရှိတယ်၊ တချို့က တော်လှန်ရေးလုံးဝမပါဝင်ဘဲနဲ့ လုံးဝစိတ်မဝင်စားတဲ့လူငယ်တွေလည်းရှိတယ်။ တော်လှန်ရေးလုပ်တဲ့ လူငယ်ကလည်းပဲ တော်လှန်ရေးလုပ်တယ်ဆိုတာသူတို့တယောက်ထဲအတွက်ပဲမဟုတ်ဘူးလေ အခုလက်ရှိနေတဲ့လူတွေအကုန်လုံးအတွက် နောက်ကျရင်မွေးဖွာလာမယ့်ကလေးတွေ၊ လူတွေအားလုံးအတွက်ပါ တကယ့်ကိုလုပ်နေကြတာပဲ အသက်သွေးပေးပြီးမှ လုပ်နေကြတာကိုး။
နယ်တွေဖက်မှာ တည်ငြိမ်အေးချမ်းတာ ကြာပြီကိုး၊ စိုးမိုးနယ်မြေ တော်တော်များများရထားတော့တည်ငြိမ်အေးချမ်းတာကို နေသားကျသွားပြီးမှ ငြီးငွေ့လာတဲ့စိတ်တခုတည်းနဲ့ ပင်ပန်းတဲ့သူက ပင်ပန်းတယ်၊ အသက်သွေးချွေးပေးနေရတဲ့ သူကို မသိပဲနဲ့ ဒီမှာတော်လှန်ရေးအတွက်က အားလုံးအတွက်လုပ်တယ်၊ အားလုံးပါဝင်ဖို့ လုပ်တဲ့အချိန်မှာ ကိုယ့်က ကိုယ့် အတွက် ကိုယ်မိသားစုအတွက် ကြည့်ပြီးမှ အဆင်ပြေရာသွားပြောင်းနေတယ်။ တချို့တွေက အလုပ်သွားလုပ်မယ်၊ ပညာသွားရှာမယ်ဆိုတာက နောင်တချိန်ကျရင် အဖွဲ့အစည်းအတွက်အကျိုးရှိနိုင်တာပဲ၊ တချို့အလုပ်သွားလုပ်ရင်းနဲ့ ရလာတဲ့ဝင်ငွေတွေကို တော်လှန်ရေးကို ပါဝင်လှူဒါန်မယ့်သူတွေလည်းရှိမှာပဲ။ ကျွန်တော်တို့က တယောက်ချင်းစီကို အသေအချာစစ်ဆေးဖို့ ၊မေးမြန်းဖို့လည်း အခြေအနေမပေးဘူးလေ။ အခုသွားနေတာက အယောက်၄၀၊ ၆၀ ၊၁၀၀ လောက်ရှိတယ်လို့ အကြောင်းကြားလာတာကိုး။ ကျွန်တော်တို့ဒေသရဲ့ ရပ်တည်မှုအပိုင်း၊ လှုပ်ရှားမှုအပိုင်း၊ ရပ်ရွာ ဆေးခန်းဆောက်မယ်၊ ကျောင်းပြင်မယ်ဆိုရင် ရပ်ထဲရွာထဲမှာ အဖိုးကြီး၊ အဖွားကြီး ကလေးရေတွေပဲကျန်ခဲ့တဲ့အခါ ရပ်ထဲရွာထဲက ကိစ္စက အဆင်မပြေဘူးအဲ့တာကြောင့်ပါ။
မေး။ ။ တဖက်မှာလည်း စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် တိုင်းပြည်ရဲ့ အခြေ အနေကလည်း ဆိုးသထက်ဆိုးလာတယ် စီးပွားရေးကအစ ပိုမိုခက်ခဲလာကြတော့ လူငယ်တွေကလည်း မြန်မာနိုင်ငံမှာ နေတာထက်စာရင် ပြည်ပကို ထွက်ပြီး ပညာသင်ကြသလို အလုပ်လုပ်ကြတာလည်းရှိပါတယ်။ ဆိုတော့ ဒီလိုကန့်သ တ်လိုက်တာက သဘာဝကျပါရဲ့လား၊ သူတို့ရဲ့အခွင့်အရေး ရွေးချယ်မှုကို ပိတ်ပင်ထားသလိုဖြစ်မနေဘူးလား။
ဖြေ။ ။ ဒါကတော့ရှင်းပါတယ်။ လုံးဝပိတ်ပင်ထားတာပါပဲ၊ ပိတ်ပင်ထားသလိုမဟုတ်ပဲနဲ့ အပြီးအစီးကို ပိတ်ပင်တဲ့ သဘောပေါ့နော။ ကျွန်တော်တို့ရဲ့ကာလအခြေအနေအရပေါ့နော ရှင်းရှင်းပြောရင် တဖက်က ပြန်ကြည့်မယ်ဆိုရင် ဒီကာလက တော်လှန်ရေးကအရေးကြီးဆုံး၊ တော်လှန်ရေးအောင်နိုင်ဖု့ိလိုအပ်တဲ့ ကာလဖြစ်တယ်၊ အရင်ကလို ပြည်တွင်းရေး ငြိမ်းချမ်းတဲ့ကာလဆိုရင် ကိုယ့်မိသားစုရဲ့စားဝတ်နေရေး အကုန်လုံးကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်း ကြရုံပဲလေ။ ဒါမကောင်းမူလည်းမဟုတ်ဘူး ရာဇဝတ်လည်းမဟုတ်ဘူး။ ဒါဝင်စွပ်ဖက်စရာမလိုတဲ့ကိစ္စပါ။ ဒါပေမယ့်အခုက အရင်ကာလနဲ့မတူဘူးလေ၊ တော်လှန်ရေးကအရေးကြီးတယ်လေ၊ တော်လှန်ရေးမအောင်မြင်ဘူးဖြစ်သွားတဲ့အခါကျရင် ဒီချိန်ထက်ပိုဆိုးလာမယ် စားဝတ်နေရေးကအစဆိုးရွားသွားမယ်လေ။ အဲ့တာကိုလည်း ကျွန်တော်တို့ကထည့်တွက်ရ တာကိုး။ လူ့အခွင့်အရေးအပြည့်အဝ လေးစားလိုက်နာပြီးမှ လုပ်ဖို့အခြေအနေမပေးသေးဘူး။
အစုလိုက်အပြုံလိုက်ကြီးထွက်သွားတော့ အကုန်လုံးကိုထိခိုက်တဲ့ပုံစံဖြစ်တာပေါ့လေ။ တော်လှန်ရေးမှာ အသက်ပေးတဲ့ လူငယ်တွေအကုန်လုံးက ၅၀၊ ၆၀ နီးပါးရှိသွားပြီ၊ ပြည်သူလည်းထိခိုက်သေဆုံးတာ အများကြီးရှိတယ်ပေါ့လေ။ ဒီလူငယ် တွေက သူတု့ိရဲ့သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေအကုန်လုံးကကျောင်းသွားတက်လိုက်၊ မြို့ကြီးပြကြီးမှာ သွားလို က်လာလိုက်ပျော်ပါးနေပြီးမှ သူတို့ပဲ တောထဲတောင်ထဲ မိုးထဲလေထဲရုန်းကန်တိုက်ပွဲဝင်နေရတာပေါ့နော် ၃ နှစ်ကြာပြီ သူငယ်ချင်းတွေအကုန်လုံးက ရိုးရိုးတန်းပြောရရင် ရှေ့တန်းကိုပင်ပင်ပန်းပန်းနဲ့ ရှေ့တန်းတိုက်ပြီးမှ ဒဏ်ရာရသူနဲ့ သေကြေတဲ့သူနဲ့ ပြန်လာတဲ့အခါကျတော့ သူတို့သူငယ်ချင်းတွေက ရပ်ထဲရွာထဲမှာ ဘောလုံးကန်နေတဲ့သူတွေ ခုန်ပေါက်ကာအေးဆေးနေတဲ့သူတွေလည်းရှိတာကိုး အဲ့အချိန်ကျရင် ကာကွယ်ရေးရဲဘော်တွေရဲ့ စိတ်ထဲမှာ တကယ့်စိတ်ပိုင်းဆိုင်ရာမကျေနပ်မှုတွေရှိတာကိုး အဲ့တာက တော်လှန်ရေးကိုအနည်းနဲ့အများထိခိုက်တယ်လေ။
မေး။ ။ လူငယ်တွေကို ပြည်တွင်းပြည်ပမထွက်ကြဖို့ ကန့်သတ်လိုက်တော့ သူတို့ဘာလုပ်ကြမလဲ၊ တခြားဘာ ရွေးချယ်စရာရှိလဲ ခုအခြေအနေမှာပေါ့လေ။
ဖြေ။ ။ လုပ်စရာတော့အများကြီးရှိပါတယ်။ တချိုု့လူငယ်လေးတွေ ဒီမှာ ကျောင်းတက်လို့ရတယ်။ ပြီးတော့ လူငယ် တွေလည်းလုပ်နိုင်တာက ကိုယ့်မိသားစုကို ရှာဖွေကျွေးမွေးတာမျိုး၊ ရပ်ရေးရွာရေး လုပ်စရာရှိတယ်၊ တော်လှန်ရေး လုပ်စရာရှိတယ်၊ လုပ်စရာတော့များပါတယ် ပုံနေတာပါပဲ ရန်ကုန်၊ မန္တလေး၊ နိုင်ငံခြားသွားမှ စားစရာရှိတာမျိုးမဟုတ်ပါဘူး၊ တော်လှန်ရေးမှာ ပါဝင်စရာတွေအများကြီးရှိပါတယ်။ တော်လှန်ရေးမှာ မပါဝင်နိုင်ဘူးဆိုရင်လည်း ရပ်ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအတွက် ပြီးတော့တောင်ပေါ်မှာက မင်းတပ်မှာ လူတယောက်အနေနဲ့ ဘာတောင်ယာမှ လယ် မြေမှမရှိရင်တောင်မှ တနေ့တနေ့ ဝဥတူးဖို့၊ အဌားလိုက်ရင်တောင်မှ အနည်းဆုံး (၅၀၀၀) ရတယ်။ တကယ့် တကယ် ခက်ခဲတဲ့ ၂၀၂၁-၂၀၂၂ တုန်းကပဲ တအားခက်ခဲတာ အခုက စစ်ကြောင်းလည်းမရှိဘူး၊ တိုက်ပွဲလည်း မင်းတပ်မြို့နယ်အ တွင်းမှာ လုံးဝမရှိတော့ဘူးဆိုတော့ ဥပမာ- မင်းတပ်မြို့တွင်းက သူတွေဆိုရင် ကျွန်တော်တို့ရဲ့ CDF ဂိတ်ကိုဖြတ်ရ တာလေ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကနေ အောက်ပြည်အောက်ရွာသွားမယ်ဆိုရင် CDF ဂိတ်ကိုဖြတ်တယ်ဆိုတော့ လွတ်လွတ်လပ်လပ်သွားလို့ရတယ်လေ။ ဒီအခြေအနေရောက်လာဖို့ရဲဘော်တွေ အသက်ပေးပြီး တိုက်ခိုက်တာကိုး။
မေး။ ။ လူငယ်တွေကို ပြည်တွင်းပြည်ပ မထွက်ဖို့ ခုလိုကန့်သတ်လိုက်တော့ကော် တော်လှန်ရေးအတွက် ဒါမဟုတ် CDF-Mindat အတွက် ဘယ်လိုအထောက်အကူတွေ ဖြစ်လာနိုင်သလဲ။
ဖြေ။ ။ လူငယ်တွေပြည်တွင်းပြည်ပမထွက်ကြဖို့ဆိုတာက အကုန်လုံးကို CDF -Mindat ထဲ ကိုပါဝင်ဖို့ပြောတာ မဟု တ်ဘူး၊ ဒေသရဲ့ပညာရေးမှာလုပ်စရာအများကြီးရှိတယ် ရွာတိုင်းရွာတိုင်းမှာ ကျန်းမာရေးအများကြီးပါဝင်လို့ရတယ်၊ ပြီးတော့ ဘာသာရေးမှာ ပါဝင်မလား၊ ကိုယ့်မိသားစုအရေးအတွက်လုပ်မလားအများကြီးရှိတယ်။ CDF -Mindat က စာထုတ်တဲ့အတွက်ကြောင့် လူငယ်တွေအကုန်လုံး CDF -Mindat ထဲဝင်ရမယ်ဆိုပြီးပြောနေတာမဟုတ်ဘူး။ အကုန်လုံးက ကိုယ့်တမိသားစုစာကိုတွေးပြီး အခုလို အစုလိုက်အပြုံလိုက်ထွက်သွားတယ်ဆိုရင် CDF အနေနဲ့ ဒီမှာကာကွယ်စရာ ပြည်သူ တယောက်မှမရှိတော့ဘူးဆိုရင် CDF က ဘယ်သူ့ကို ဘာလို့ကာကွယ်ရအုံးမှာလဲဆိုတဲ့ပုံစံပေါ့လေ။ ဆိုတော့ ဒီမှာ CDF ထဲကိုဝင်ဖို့ ပြောနေတာမဟုတ်ဘူး။ ကျွန်တော်တို့ ကြားကာလမှာနေတာ ၃ နှစ်ကျော်ပြီကိုး ကျေးရွာတိုင်းကျေးရွာ တိုင်းမှာ ကျန်းမာရေးမှာ ကူညီမယ့်သူ၊ ပညာရေးမှာ ကူညီမယ့်သူ၊ ဒီမှာနေပြီးမှ ကိုယ့်မိသားစုစားဝတ်နေရေးလုပ်နေ တယ်ဆိုရင်ကို တော်လှန်ရေးကို အနည်းနဲ့အများအထောက်ကူပြုတာပဲ။ တတ်နိုင်လို့ လှူဒါန်းမယ်ဆိုရင်လည်း ပိုအထောက်အကူပြုတဲ့ပုံစံလည်းဖြစ်တာပါ။
မေး။ ။ တခြားဘာများ ဖြည့်စွပ်ပြောချင်တာရှိလဲ။
ဖြေ။ ။ ဒီလိုကာလမှာ ဒီစာထုတ်တယ်ဆိုတာက ဒီမိုကရေစီလူ့အခွင့်အရေးမလေးစားတဲ့ပုံစံကျတယ်ပေါ့နော။ သမိုင်း တလျှောက်မှာအဆိုးဝါးဆုံး အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံးတခေတ်ကို ဖြတ်သန်းကြတာကိုး၊ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ မနိုင်နိုင်အောင်တိုက်ဖို့လိုတဲ့အခါကျရင် လက်နက်ကိုင်တော်လှန်ရေးကြာကာလမှာအဲ့လိုမျိုး အမိန့်လေးတွေ ထုတ်ရတာမျိုးရှိတာပဲ။ တော်လှန်ရေးနိုင်ဖို့က အရင်ဦးစားပေးရတာပဲ။ ဒီအတိုင်းဘေးလူတယောက်ကဆိုရင် ဒါက လူ့အခွင့်အရေးချိုးဖောက်တဲ့ အာဏာရှင်ဆန်ဆန်လုပ်ရပ်လို့ထင်မှာပဲလေ။ ကျွန်တော်တို့က အများအကျိုးရှိဖို့၊ တော်လှန်ရေးအကျိုးရှိဖို့ဆိုရင် တချို့သောလူ့အခွင့်အရေးတွေကို အခွင့်အာဏာနဲ့ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ရ တာတွေတချို့ရှိတယ်။ လိုအပ်ရင် လိုအပ်သလို၊ ပြင်ဆင်ဖို့၊ ဖြေလျော့ဖို့၊ ပြောင်းလဲဖို့က အမြဲတမ်းရှိပါတယ်။