(006SV)
နေရပ်စွန့်ခွာမြန်မာပြည်သူများအရေးကို လျစ်လျူရှုခဲ့သည့် အာဏာသိမ်းစစ်တပ်အစိုးရ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ သဘောတူညီချက်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း Burma Research Institute – BRI ကြေညာသည်။
ဩဂုတ်လ ၆ ရက်က ဘန်ကောက်မှာ ထိုင်းအစိုးရနှင့် မြန်မာစစ်အစိုးရတို့ကြား လက်မှတ်ရေးထိုးခဲ့သော ပူးတွဲကြေညာချက် များတွင် ရွေ့ပြောင်းဒုက္ခသည်များ၊ ပြည်တွင်း နေရပ်စွန့်ခွာရသူများအတွက် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများနှင့် အကာအကွယ်ပေးရေး လိုအပ်ချက်များအပေါ် လစ်လျူရှုခဲ့သည်ဟု BRI က ယမန်နေ့က ထုတ်ပြန်သည်။
၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံတော်အဆင့် တရားဝင် ဖိတ်ခေါ်တွေ့ဆုံသည့် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် ကြီးမားမှုဖြစ်စဉ်တွင် ဒေသတွင်းနိုင်ငံများ၏ ဦးဆောင်မှု ကျဆုံးခြင်းကို ထင်ဟပ်ဖော်ပြနေသည်ဟု BRI က ဆိုသည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ နေရပ်စွ့န်ခွာပြည်သူများအပေါ် ထိုင်းနိုင်ငံ၏ ယင်းသို့ နှုတ်ဆိတ် လစ်လျူရှုနေမှုကို ဖိအားပေးခြင်းဖြင့် ကူညီရန် BRI က ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။
“ထိုင်းနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝရှိပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၇) ပါ အစဉ်အလာတွေဖြစ်တဲ့ ဆုံးဖြတ်ချက်အမှတ် ၆၈၈ (၁၉၉၁၊ အီရတ်) နဲ့ ဆုံးဖြတ်ချက်အမှတ် ၉၄၀ (၁၉၉၄၊ ဟေတီ) တို့နဲ့အညီ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဒုက္ခသည် အစုလိုက်အပြုံလိုက် ထွက်ပြေး တိမ်းရှောင်ရမှု အကျပ်အတည်းကိုတော့ ထိုင်းနိုင်ငံအနေနဲ့ လျစ်လျူရှုထားလို့ မရပါဘူး။ အဲဒီ ဆုံးဖြတ်ချက်နှစ်ခုစလုံးဟာ ဒုက္ခ သည် အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှုကို နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု အဖြစ် သတ်မှတ် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်” ဟု BRI ဥက္ကဌ Pu Zo Tum Hmung က ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းအရ ထိုင်း- မြန်မာနယ်စပ်မှာ ထိုင်းအစိုးရက စီမံခန့်ခွဲသော ယာယီစစ်ရှောင်စခန်း ၉ ခုတွင် မြန်မာစစ်ဘေးရှောင် ဒုက္ခသည် ၈၀,၀၀၀ ကျော်၊ မြို့ပေါ်စစ်ဘေးရှောင်နေသူ နှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၅,၀၀၀ ခန့်ရှိသည်ဟု BRI ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အခြေအနေများသည် ပိုမိုဆိုးရွားလာပြီး ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်သူ ၃.၇ သန်း ကျော်နှင့် ဒေသတွင်း နိုင်ငံများသို့ နေ့ရပ်စွန့်ခွာရသူ ၁. ၆ သန်းကျော်ရှိကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၊ ထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်များအပါအဝင် အရပ်သားပြည်သူများအပေါ် စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ ကျူးလွန်မှု မြောက်၊ မမြောက် ဆုံးဖြတ်ပေးပါရန် BRI နှင့် အခြားအဖွဲ့များကလည်း တောင်းဆိုပါသည်ဟု ထုတ်ပြန်သည်။
BRI ၏ ဇန်နဝါရီလ အစီရင်ခံစာအရ ကရင်နှင့် ကရင်နီတို့မှ ခရစ်ယာန်အသိုင်းအဝိုင်းအပါအပါအဝင် ဒေသခံပြည်သူများသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုမှ လွတ်မြောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ခရစ်ယာန်ဘုရားကျောင်း ၃၄၃ ကျောင်း ဖျက်ဆီးခံရပြီး ခရစ်ယာန်ဘာသာဝင် ၁၄၉ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

