(006SV)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းအနောက်ဘက် ပျဉ်းဝတောင်စစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးတပ်က စီးနင်းတိုက်ခိုက်သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁ နာရီမှာ ဘုရားတောင်က စစ်ကောင်စီစခန်းကုန်းကို ချင်းကာကွယ်ရေးတပ်က အနီးကပ် နေရာယူ၍ တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက အနည်းငယ်သာ ပြန်လည်ပစ်ခတ်ကာ စခန်းစွန့်ခွာထွက်ပြေး သည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ဖေဖော်ဝါရီလ ၁၁ ရက်မှာ ထုတ်ပြန်သည်။
“တိုက်ခိုက်တာက နေ့ဘက်ဆိုတော့ တချို့ရဲဘော်တွေက ဂိတ်တွေမှာ တာဝန်ကျတာလည်း ရှိနိုင်တယ်။ ကျနော်တို့ သွားရောက်တိုက်ခိုက်ချိန်မှာတော့ ရဲဘော်အင်အားက မရှိဘူး။ ကျနော်တို့ ဘက်က လက်နက်သံ ကြားတဲ့ အချိန်မှာပဲ ဒီအင်အားနည်းတာကို မူတည်ပြီးမှ ပြန်လည်တိုက်ခိုက်ဖို့ မကြိုးစားပဲနဲ့ အနီးအနားမှာလည်း သူတို့ရဲ့ တပ်ရင်းဌာနတွေဘက်ကို ပြေးရင် လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက် စခန်းစွန့်ခွာပြေးတယ်လို့ ယူဆရပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဘုရားတောင်စခန်းကုန်ပေါ်ရှိ စစ်ကောင်စီစခန်းကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။
ပျဉ်းဝစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သား အားလုံးလည်း ပဒါန်မြို့အနီးက စစ်ကောင်စီစခန်းများဘက်သို့ ထွက်ပြေးသွား ကြသည်ဟု သိရသည်။
တိုက်ပွဲအပြီး ၁ ရက်အကြာတွင် ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝနှင့် ရေနွယ်အရှိုချင်းကျေးရွာများမှ အရပ်သားပြည်သူတချို့ ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသော ပြည်သူတချို့နှင့် ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
ဘုရားတောင်တွင် လွန်ခဲ့သော တနှစ်ကျော်က စတင်၍ စစ်ကောင်စီက စခန်းငယ်တခု အထိုင်ချခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်အင်အား ဆယ်ဂဏန်း ကျော်ရှိသည်ဟု သိရသည်။
ဇန်နဝါရီလထဲတွင်လည်း အမ်း- ပဒါန်းလမ်းရှိ စစ်ကောင်စီ ဆုတ်ခွာရာ လမ်းနှင့် စစ်ကြောင်းများကို ပိတ်ဆို့တားဆီး တိုက်ခိုက် ရာတွင် စစ်ကောင်စီ စစ်သုံ့ပန်း ၁၇ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု CDF – အရှိုထံမှ သိရသည်။
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုသည် စစ်သုံ့ပန်း ၁၅၀ ဦးနှင့် လက်နက်မျိုးစုံ ၁၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း တပ်ဖွဲ့ တည်ထောင်ချိန် ၂ နှစ်ပြည့်သည့် ဇန်နဝါရီလက ခိုနူမ်းသုန်သတင်းဌာနကိုဖြေကြားထားသည်။