ပလက်ဝကို ပလက်ဝမြို့နယ်လူထုကိုသာ အုပ်ချုပ်ခွင့်ပေးရန် တောင်းဆို
(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ULA/AA က ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းလိုက်ပြီး ဥပဒေပြု၍ အုပ်ချုပ်ရေးဖော်ဆောင်မှုကို လက်မခံကြောင်း ချင်းလဲန်းကောင်စီ (CC)၊ ဒုဥက္ကဌ၊ Salai Bawi Kung က ပြောသည်။
ပလက်ဝမြို့နယ်နှင့်ပတ်သက်၍ ULA/AA ၏ မူဝါဒရပ်တည်ချက် ထွက်ပေါ်လာပြီးနောက် ချင်းလဲန်းကောင်စီ၊ ဒုဥက္ကဌက ၎င်း၏ သဘောထားကို ပြောဆိုခြင်းဖြစ်ပြီး ချင်းလဲန်းကောင်စီ၏ သဘောထားကို အစည်းအဝေးထိုင်ပြီးမှသာ သိနိုင်မည်ဟု ၎င်းက ပြောသည်။
“အရင်က စာနဲ့မဟုတ်ပဲ ပါးစပ်နဲ့ပဲ ပြောတယ်။ အုပ်ချုပ်ရေးက မြေပြင်မှာ လုပ်တယ်ဆိုတာ သိပေမယ့် ဒီတစ်ခါက သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ခေါ်ခေါ်၊ သူတို့ရဲ့ ဥပဒေပဲ ခေါ်ခေါ်၊ သူတို့ရဲ့ ရခိုင်ပြည်ရဲ့ တော်လှန်ရေးကာလမှာ ULA/AA ရဲ့ အုပ်ချုပ်ရေးမှာ အသုံးပြုတဲ့ ဥပဒေနဲ့ စည်းနှောင်းထားတဲ့ ဟာဖြစ်တဲ့အတွက် ဒီဟာက တရားဝင်နဲ့ ချင်းပြည်နယ်မှာ ပါဝင်တဲ့ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ထဲ သွက်သွင်းလိုက်တယ်လို့ ဥပဒေလမ်းကြောင်းအရ ပြောရင် မှန်သွားတာဖြစ်တယ်။ သူတို့က ဘာပြောဦးမလဲ မသိပေမယ့် သူတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်အတိုင်အတာထိ ပလက်ဝကို ခရိုင်တစ်ခုအနေနဲ့ သတ်မှတ်ပြီး တော့မှ ULA/AA ရဲ့ အုပ်ချုပ်ရေး အောက်မှာ ထားသလဲ၊ တစ်သက်လုံးလားဆိုတာ ပြောလို့ မရပေမယ့် ဥပဒေလမ်းကြောင်း အရတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ULA/ AA ကနေ စစ်ရေးအရ သိမ်းပိုက်သွားတယ်လို့ ပထမဦးဆုံး ပြောလို့ ရတယ်” ဟု Salai Bawi Kung က ပြောသည်။
ယခုအခြေအနေသည် ချင်းလူထုနှင့် ချင်းတော်လှန်ရေးအားလုံးအတွက် ရင်တက်မအေးဖြစ်စေပြီး ULA/ AA သည် ချင်းပြည်နှင့် လူထုအတွက် မိတ်ဆွေကောင်းဆိုတာ လက်ခံနိုင်ရန် ခက်ခဲစေသည်ဟု ၎င်းက ပြောသည်။
ULA/ AA နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် ချင်းညီနောင်အဖွဲ့အနေဖြင့်လည်း စဉ်းစားချိန် တန်ပြီဖြစ်ပြီး ULA/ AA သည် ပလက်ဝအရေးကိစ္စတွင် သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းအဖြစ်မှ စည်းကျော်၍ လုပ်ဆောင်လာနေသည်ဟု ချင်းလဲန်း ကောင်စီ၊ ဒုဥက္ကဌက ပြောသည်။
“အခုလက်ရှိက ULA/ AA သည် ချင်းပြည်လူထုအတွက် မိတ်ဆွေကောင်းဖြစ်တယ်ဆိုတာ လက်မခံနိုင်တော့ဘူး။ အိမ်နီးနာချင်း ကောင်းဆိုတာလည်း လက်မခံနိုင်တော့ဘူး။ ULA/ AA ရဲ့ လုပ်ဆောင်ချက်နဲ့ ဦတည်ချက်ဟာ ချင်းပြည်သူလူထုနဲ့ ရခိုင်ပြည်သူလူ ထုကြားမှာ ပြသနာ စပြီး မီးမွှေးလာတယ်လို့ မြင်တယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ မင်းပြားမှာ ၊ အမ်းမှာရော ချင်းတိုင်း ရင်းသားတွေကို သူတို့အတွက်လည်း စိုးရိမ်တယ်။ သူတို့က ပလက်ဝမြို့နယ်မှာ ရခိုင်လူဦးရေက ၂၀၁၉ အိမ်ထောင်စုစာရင်းအရ ၁၈ ရာခိုင်နှုန်း ရှိပေမယ့် ၈၀ ကျော် ရာခိုင်နှုန်းဟာ ချင်းတွေ ဖြစ်တဲ့အတွက် အဲဒီက ရခိုင်တွေဟာ ပလက်ဝအုပ်ချုပ်ရေးမှာလည်း ရခိုင်လူထုရဲ့ ရပိုင်ခွင့်ကိုတော့ ပေးရမယ်ဆိုတာ ချင်းတွေက နားလည်ထားပေမယ့် ၊ ချင်းရဲ့ နောင်တချိန်ပါလီမန်မှာလည်းပဲ ပလက်ဝမှာ ရှိတဲ့ ရခိုင် ၁၈ ရာခိုင်နှုန်းဟာလည်းပဲ ပလက်ဝကနေ နိုင်ငံရေးအရ လွတ်တော်အမတ်တွေ ဖြစ်နိုင်တယ်ဆိုတာ လက်ခံပေမယ့်၊၊ အခုကြတော့ သူတို့က သူတို့ပြည်နယ်ထဲကို သွက်သွင်းလိုက်တဲ့အတွက် ဒီအာရက္ခတပ်တော်ဟာ ကျနော်တို့ အိမ်နီးနားချင်းကောင်းဖြစ်တယ်ဆိုတာ လက်မခံနိုင်တော့ဘူးဆိုတာ ပြောချင်တယ်” ဟု ချင်းလဲန်းကောင်စီ၊ ဒုဥက္ကဌက ပြောသည်။
ULA/ AA က ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်း၍ ဥပဒေများ ပြဌာန်းကာ အုပ်ချုပ်ရေးအကောင် အထည်ဖော်လာပြီးနောက်ပိုင်းတွင် ULA/ AA နှင့် ချင်းလဲန်းကောင်စီတို့ကြား တွေ့ဆုံမှု မရှိသေးကြောင်း သိရသည်။
ချင်းလဲန်းကောင်စီ၏ မူဝါဒရပ်တည်ချက်မှာ ပလက်ဝသည် ချင်းပြည်နယ်က ဖြစ်သည်ကို အတိအလင်းကြေညာ ပြဌာန်းထားသည်။
ချင်းညီနောင်အဖွဲ့သည်လည်း ပလက်ဝသည် ချင်းပြည်ဖြစ်သည်ဆိုသော မူဝါဒကို ကိုင်စွဲထားကြောင်း သတင်စားရှင်းလင်းပွဲများ တွင် ပြောဆိုထားသည်။
“ကျနော်တို့ ကိုင်တွယ်တဲ့ နေရာမှာ ဂွကျတာက ကျနော်တို့ ညီအစ်ကိုတွေ ဖြစ်တဲ့ CB တွေက သူတို့ကို မဟာမိတ်လုပ်ပြီးတော့ ငါတို့က အိမ်နီးနားချင်းကောင်းဖြစ်တယ်။ သူငယ်ချင်းကောင်းဖြစ်တယ်ဆိုပြီး သူတို့နဲ့ လက်တွဲသွားတဲ့အခါကြတော့ ကျနော်တို့ ပြောအားက မရှိတော့ဘူး။ ကျနော်တို့က ဒါမျိုးကို သင်ခန်းစာ ယူပြီးတော့မှ ချင်းတွေ အချင်းချင်း ညီညွတ်မှသာလျှင် တစ်ခြား အိမ်နီးနားချင်းဆိုတဲ့ လူတွေကို ကျနော်တို့ ဆက်ဆံတဲ့နေရာမှာ Check and Balance လုပ်ပြီး ဆက်ဆံနိုင်မှာဖြစ်တယ်။ အဲလို မဟုတ်ပဲနဲ့၊၊ ပေါင်းနေမယ်ဆိုရင် ကိုယ့်ပြည်သူလူထုက တနေ့၊ တချိန်မှာ ငြိုငြင်လာမှာဖြစ်တယ်။ အဲဒါကြောင့် ဒါမျိုးတွေက နောင်တချိန်မှာ ပလက်ဝသည် ကျနော်တို့ လက်ထဲ ပြန်ရောက်နိုင်မှာက စစ်ရေးကတော့ မပြောချင်ဘူး။ နိုင်ငံရေအရအနေနဲ့ ချင်းတွေ အားလုံးစုစည်းပြီးတော့မှ ULA/AA နဲ့လက်တွဲဖြုတ်နိုင်တဲ့ အခြေအနေကြမှပဲ ဖြစ်နိုင်လိမ့်မယ်” ဟု ချင်းလဲန်းကောင်စီ၊ ဒုဥက္ကဌ၊ Salai Bawi Kung က ပြောသည်။
ULA/ AA အနေဖြင့် ချင်းပြည်ပိုင်နက်အတွင်း အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နေမှုကို မလုပ်တော့ဘဲ သက်ဆိုင်ရာ ချင်းတော်လှန် ရေးအင်အားစုထံတွင် အုပ်ချုပ်ရေးအာဏာကို အပ်နှံထားရန် တောင်းဆိုကြောင်း၊ ULA/ AA အနေဖြင့် သဘောထားကြီးစွာနှင့် နောက်ဆုတ်ပေးစေချင်ပါကြောင်း ချင်းလဲန်းကောင်စီ၊ ဒုဥက္ကဌက ပြောသည်။
“ULA/ AA ကို ကျနော် အနူးအညွတ်တောင်းဆိုချင်တယ်။ စကစကို အားလုံးက တပြည်လုံးက တိုက်နေတဲ့အချိန် ဖြစ်တဲ့အတွက် စကစ ရှိတဲ့နေရာတိုင်းကို ကိုယ့်နေရာမဟုတ်ရင်လည်းပဲ သူများနေရာမှာလည်းပဲ ဆက်လက်တိုက်ခိုက်နေမှာပါ။ အဲဒါကြောင့် ကိုယ်သိမ်းတဲ့နေရာက ကိုယ်ရရမယ်ဆိုတဲ့ စိတ်ထားကတော့ရှိလည်း ရှိမှာ မဟုတ်သလို၊ မရှိစေချင်ပါဘူး။ ရခိုင်ပြည်နယ် အများစုကို သိမ်းပြီးသားဖြစ်တဲ့အတွက် ကျနော် တောင်းဆိုချင်တာကတော့ ဒီပလက်ဝကိုတော့ ပလက်ဝမြို့နယ် လူထုကို အုပ်ချုပ်ခွင့်ပေးပြီးတော့မှ ။ သူတို့က ချင်းလဲန်းကောင်စီကို ဝင်ချင်တယ်ဆိုရင် ချင်းလဲန်းကောင်စီကို ဝင်ပါစေ။ ICNCC/ CB ကိုပဲ ဝင်ချင်တယ်ဆိုရင် သူတို့ ဝင်ပါစေ။ ULA/ AA အောက်မှာတော့ မထားစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုဆက်ထားမယ်ဆိုရင် ချင်းနဲ့ ရခိုင်လူထုကြားမှာ နားလည်မှု ပိုလွဲပြီးတော့မှ နောင်တချိန် တော်လှန်ရေးပြီးတဲ့အခါမှာလည်း အခဲမကြေလည်မှုတွေ တိုးပွားပြီးတော့ ကျနော်တို့ အချင်းချင်းကြားမှာ ပြသနာတွေ မပြီးဆုံးနိုင်ပဲ ဆက်ရှိမှာကို စိုးရိမ်းပါတယ်။ အဲဒါကြောင့် ကျေးဇူးပြုပြီး ကျနော် တောင်းဆိုချင်တယ်” ဟု ချင်းလဲန်းကောင်စီ၊ ဒုဥက္ကဌ၊ Salai Bawi Kung က ပြောသည်။
ပလက်ဝလူထုသည် အာရက္ခပြည်သူအစိုးရ၏ ပလက်ဝနှင့်ပတ်သက်၍ နိုင်ငံရေး ရပ်တည်ချက်နှင့် အုပ်ချုပ်ရေး ယန္တရား အကောင်အထည်ဖော် ဆောင်ရွက်မှုများကို လက်ခံခြင်း မရှိပါကြောင်း Chin Civic Movement၊ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း (GKYA) တို့ကလည်း ယခုရက်ပိုင်းကထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ်ကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယခင်မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း ထည့်သွင်း၍ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ULA/ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်က အတည်ပြုဖြေကြားထားသည်။
ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ ၂၀၂၅ ခုနှစ် မေလတွင် အာရက္ခတပ်တော် ULA/ AA က ထည့်သွင်း ဖွဲ့စည်း သတ်မှတ်လိုက်သည်။
ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။
ပလက်ဝမြို့နယ်ထဲတွင် ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် ဒေသအများစုကို အာရက္ခတပ်တော် ULA/ AA က သိမ်းပိုက်ထိန်းချုပ်ထား ပြီး ဒေသအနည်းစုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ပလက်ဝ၊ CDF – Daai တို့က ထိန်းချုပ်၍ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည်ဟု သိရသည်။