Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝကို ရခိုင်၏ ခရိုင်အဖြစ် AA က ထည့်သွင်းအုပ်ချုပ်မှုသည် ချင်းအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဟု ချင်းအရပ်ဖက်အဖွဲ့များ ကြေညာ

ပလက်ဝကို ရခိုင်၏ ခရိုင်အဖြစ် AA က ထည့်သွင်းအုပ်ချုပ်မှုသည် ချင်းအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဟု ချင်းအရပ်ဖက်အဖွဲ့များ ကြေညာ

0
By Editor on August 13, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ULA/ AA က ရခိုင်ပြည်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းဖွဲ့စည်းပြီး အုပ်ချုပ်ရေးဖော်ဆောင်မှုသည် ချင်းပြည်သူများအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဖြစ်သည်ဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများက ကြေညာသည်။

ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေသည့် အာဏာရှင် တော်လှန်ရေး လမ်းခုလတ်တွင် ဒေသခံချင်းပြည်သူများ၏ ဆန္ဒမရှိဘဲ ULA/ AA ၏ ပလက်ဝမြို့နယ်ကို ခရိုင်တစ်ခုအဖြစ် ထည့်သွင်း၍ အုပ်ချုပ်ရေး ဖော်ဆောင်မှုသည် ချင်းပြည်သူများ အပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဖြစ်သည်ဟု Chin Civic Movement က ဩဂုတ်လ ၁၂ ရက်မှာ ကြေညာသည်။

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့ကို ULA/AA က ခရိုင်တစ်ခုအဖြစ် ထည့်သွင်းပြီး အုပ်ချုပ်ရေး ဖော်ဆောင်နေသည်ဟု တရားဝင်ကြေညာလာပြီးနောက် Chin Civic Movement – CCM က ထုတ်ပြန်လာခြင်းဖြစ်သည်။

“အဓိကက တော်လှန်ရေးကာလမှာ နယ်မြေနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ အနေအထားမှာ ဥပမာ – ကိုယ်တိုက်လို့ ရတဲ့ဒေသ၊ ကိုယ်တိုက်လို့ နိုင်ရင် ကိုယ့်ဒေသ၊ ကိုယ်တိုက်လို့ ရတာကို ကိုယ်ယူမယ်ဆိုတာက လက်ခံလို့ မရဘူး။ အခု နွေဦးတော်လှန်ရေးကာလမှာ ကရင်နီမှာလည်း တိုင်းရင်းသားပေါင်းစုံ ရှိတာပဲ။ ကရင်မှာလည်း ထိုနည်းလည်းကောင်းပဲ။ ချင်းမှာလည်း ရခိုင့်တော်လှန်ရေးဆိုရင် အများကြီး ဆက်စပ်ပြီးတော့မှ ဆောင်ရွက်တာ ရှိတယ်။ ဒါက ကျနော်တို့ အချင်းချင်းကြားမှာ အာဏာရှင်တော်လှန်ရေးကာလမှာ ဒီလိုတွဲတာ၊ နယ်မြေမှာ နေထိုင်တာ၊ စစ်ရေးအရ တွဲတာ ဒါတွေက ဖြစ်လို့ရတယ်။ ဒါပေမယ့် နယ်မြေလုတဲ့ ပုံစံနဲ့မျိုးက ကိုလိုနီစရိုက်ဖြစ်တယ်။ ဒါသည် လုံးဝ လက်မခံဘူး။ လက်ခံလို့ မရဘူးဆိုတာပါ” ဟု Chin Civic Movement ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးကို ကိုယ်စားပြု မဟုတ်သော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေး ဖော်ဆောင်မှုများကို လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း CCM အဖွဲ့က ထုတ်ပြန်သည်။

ULA/ AA အနေဖြင့် ပလက်ဝအရေးကို တစ်ခုခု ဆောင်ရွက်မည်ဆိုလျှင် ချင်းနှင့် တိုင်ပင်ရန်၊ ပလက်ဝဒေသခံများနှင့် တိုင်ပင်ရန် လိုအပ်မည်ဟု Chin Civic Movement ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပလက်ဝနဲ့ပတ်သက်ပြီး တစ်ခုခုဆောင်ရွက်တော့မယ်ဆိုရင် ချင်းနဲ့ တိုင်ပင်ဖို့ လိုတယ်။ ပလက်ဝဒေသခံတွေနဲ့ တိုင်ပင်ဖို့ လိုတယ်။ ဒါက ပလက်ဝဒေသခံတွေနဲ့လည်း မပြီးသလို သူတို့အနေနဲ့လည်း တိုက်တိုင် ယူလို့ ရတယ်ဆိုတဲ့ အနေအထားလည်း ဖြစ်လို့ မရဘူး။ ချင်းတွေနဲ့ တိုင်ပင်ပြီး လုပ်ရမယ်။ ဒါက အချင်းချင်းဖိနှိပ်ခံကြားထဲမှာ ရှိတဲ့ နောက်ထပ်ဖိနှိပ်မှု တစ်ခုအဖြစ်နဲ့ ယူဆတဲ့အတွက် ထုတ်ပြန်တာဖြစ်တယ်” ဟု Chin Civic Movement ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မိမိတို့ ချင်းကိုယ်စားပြု တော်လှန်ရေး အင်အားစုများအနေဖြင့် ဘဝတူတိုင်းရင်းသားများနှင့်အတူ လက်တွဲ တိုက်ပွဲဝင်မှုများ အပါအဝင် အခြားဘဝတူညီနောင်တိုင်းရင်းသားများအနေဖြင့် မိမိလူမျိုး လွတ်မြောရေးအတွက် ချင်းပြည်နယ်တွင် စစ်ရေးအရ လှုပ်ရှားပြီး တိုက်ပွဲဝင်နေမှုများကို အပြုသဘောဖြင့် ရှုမြင်သည်ဟု Chin Civic Movement က ထုတ်ပြန်သည်။

တော်လှန်ရေးကာလတွင် ပလက်ဝ၏ အုပ်ချုပ်ရေးကို ဆောင်ရွက်လိုလျှင် ချင်းတော်လှန်ရေး အင်အားစုများဖြစ်သည့် ချင်းလဲန်းကောင်စီ (CC) ၊ ချင်းညီနောင် (CB) နှင့် အာရက္ခတပ်တော် (ULA/AA) တို့ ပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ပူးပေါင်းဖော်ဆောင်သင့်သည်ဟု Chin Civic Movement က တာဝန်ရှိသူက ပြောသည်။

ပလက်ဝအရေးနှင့်ပတ်သက်၍ ULA/AA ၏ စစ်ရေးအင်အားကို အသုံးပြု၍ တိုင်းရင်းသားအချင်းချင်းကြား ယခုကဲ့သို့ လုပ်ဆောင်မှုသည် မသင့်လျော်ကြောင်း Chin Civic Movement က တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့က အင်အားကြီးသူက အနိုင်ယူစတမ်း လုပ်တာသည် ကျနော်တို့ တိုင်းရင်းသားအချင်းချင်းအတွက် မသင့်လျော်ဘူး။ ဒါမျိုးတွေ လုပ်လို့ မရဘူး။ အချင်းချင်းကြားမှာ ပိုပြီးတော့ ကွဲပြဲနိုင်စရာ ၊ ပိုပြီးတော့မှ လူမျိုးနွယ်စုအကြားမှာ ဖြစ်ပွားနိုင်တာကို ရှောင်ကျဉ်ကြဖို့ လိုတယ်။ နောင်တချိန်မှာ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ချင်းနဲ့ ရခိုင်ကြားမှာ ပြန်ပြီးတော့မှ ဆွေးနွေးတဲ့ ပလက်ဖောင်းတွေ၊ ဒီနယ်မြေနဲ့ ပတ်သက်ပြီး ပြန်ပြီး ပြောရမယ် အနေအထားတွေ ရှိရမယ်ဆိုတဲ့ အချက်တွေ ရှိတယ်။ NUG ၊ NUCC တို့ ဟာတွေနဲ့ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီကာလဟာ တော်လှန်ရေးကာဖြစ်တယ်၊၊ နယ်မြေအရ ဘယ်ဟာမှ သတ်မှတ်လို့ မရသေးဘူးဆိုတာ တလျှောက်လုံး ကြားနေရတာဖြစ်တယ်။ ဒါကြောင့် ဒီအနေအထားပေါ် မူတည်ပြီး ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု Chin Civic Movement ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့နယ်အရေးကိစ္စ အပါအဝင် ချင်းပြည်နယ်၏ Nation Building နှင့် State Building ဆိုင်ရာများ တွင် ကြုံတွေ့ရမည့် စိန်ခေါ်ချက်များကို ကျော်လွှားနိုင်ရေး ချင်းတော်လှန်ရေး အစုအဖွဲ့ အချင်းချင်းကြား ညီညွတ်မှုဖြင့် လက်တွဲပူးပေါင်းခြင်းက အဖြေတစ်ခုဖြစ်သည်ဟု CCM က ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝအရေးနှင့်ပတ်သက်၍ ပြည်သူ့တော်လှန်ရေးအလွန်တွင် သက်ဆိုင်သူများ အားလုံးအကြား ဖက်ဒရယ်ဒီမိုကရေစီနည်းကျ ပြန်လည်ဆွေးနွေးနိုင်မည်ဟု အတိအလင်း ယုံကြည်မျှော်လင့်ပါကြောင်း CCM က ထုတ်ပြန်သည်။

ပလက်ဝလူထုသည် အာရက္ခပြည်သူအစိုးရ၏ ပလက်ဝနှင့်ပတ်သက်သော နိုင်ငံရေး ရပ်တည်ချက်နှင့် အုပ်ချုပ်ရေး ယန္တရား အကောင်အထည်ဖော် ဆောင်ရွက်မှုများကို မည်သည့်အခါမျှ လက်ခံခြင်း မရှိပါကြောင်း Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း (GKYA) က ဩဂုတ်လ ၁၂ ရက်မှာ ပူးတွဲ ကြေညာသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းခြင်းသည့် ချင်းပြည်နယ် နယ်နိမိတ်နှင့် ချင်းပြည်သူ တစ်ရပ်လုံး၏ သဘောဆန္ဒကို ချိုးဖျက်ပြီး အင်အားဗဟိုပြုသော ကိုလိုနီစနစ်တစ်ခုသာဖြစ်ကာ ဒီမိုကရေစီနှင့် ဆန်ကျင်နေသည်ဟု GKO နှင့် GKYA က ထုတ်ပြန်သည်။

ဒေသခံဌာနေ ချင်းတိုင်းရင်းသားလူထု၏ သဘောဆန္ဒ မပါဘဲ ယခုကဲ့သို့ ပလက်ဝကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းသည် မိမိတို့ ဒေသခံလူထု၏ နိုင်ငံရေး ဖြစ်တည်မှုကို မျက်ကွယ်ပြုခြင်းဖြစ်သည်ဟု ချင်းအရပ်ဖက် အဖွဲ့အစည်းများက ဆိုသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင် ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများ မရှိဟု ငြင်းဆိုမှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

ဩဂုတ်လ ၁၁ ရက်က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ ၁၀ ကြိမ်မြောက် သတင်း စာရှင်းလင်းပွဲတွင် ပလက်ဝကို မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းထားပြီး အုပ်ချုပ်နေသည်ဟု ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြုဖြေကြားခဲ့သည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ အာရက္ခတပ်တော် ULA/ AA က ထည့်သွင်းသတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်ကို ခရိုင် ၈ ခုဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်း သတ်မှတ်လိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည့် အခြေအနေနဲ့ပတ်သက်၍ ဦးခိုင်သုခက ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

၂၀၂၅ နှစ်လယ်ပိုင်းတွင် အာရက္ခတပ်တော် ULA/ AA က ဖွဲ့စည်းသတ်မှတ်လိုက်သော ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်သည်ဟု သိရသည်။

အာရက္ခတပ်တော် ULA/AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်ကို ယခင်က စစ်ဒေသအလိုက် ဖွဲ့စည်းအုပ်ချုပ် ခဲ့သော်လည်း ယခုလက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်တွင် ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့် စသည့် စီမံအုပ်ချုပ်မှု အဆင့်ငါးဆင့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.