(006SV)
ချင်းပြည်နယ် ပလက်ဝမြို့နယ်ချင်းတော်လှန်ရေးအင်အားစုဖြစ်သည့် ပလက်ဝကောင်စီ (PC) ၏ ဒေသန္တရအစိုးရဌာနများအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေ ရှာဖွေနိုင်ရေး “အရှိန်အဟုန်မြှင့်တင် ကီမိုတခွင်” ကမ်ပိန်းကို ပြုလုပ်နေကြောင်း သိရသည်။
“လက်ရှိမှာ အားလုံံးက ဒေသန္တရအစိုးရအနေနဲ့ လည်ပတ်ပြီးဆိုတော့ ဘက်ပေါင်းစုံက ပါရတဲ့ အခန်းကဏ္ဍရှိတဲ့အတွက် ဒီအရာတွေကို လိုအပ်ချက် ရှိနေတဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးတွေကော IDPs စခန်းတွေက စစ်ဘေး ရှောင်တွေလည်း လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ဒီကဏ္ဍတွေမှာ အခက်အခဲရှိတဲ့အတွက် ကမ်ပိန်း ပြုလုပ်ရ ခြင်းဖြစ်ပါတယ်” ဟု ယင်းကမ်ပိန်းကို တာဝန်ယူဆောင်ရွက်နေသည့် Project Kimo Team မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခု နိုဝင်ဘာလ ၅ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်အထိ ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများ ရေးရာအတိုင်ပင်ခံကောင်စီ (IKACC) နှင့် ပလက်ဝကောင်စီ (PC) တို့ ဦးဆောင်ပြီး “အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကမ်ပိန်းကို ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေရရှိရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ကမ်ပိန်းမှ ရရှိသော ဘဏ္ဍာငွေများကို ဒေသန္တရအစိုးရဖြစ်သည့် ပလက်ဝကောင်စီ၏ ဌာနများဖြစ်သော ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ IDPs စခန်းမှ လူသားစာနာအကူအညီ စသည့် ကဏ္ဍစုံတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
ကာကွယ်ရေးဌာနဖြစ်သည့် CDF – ပလက်ဝအတွက် စစ်ရေးအသုံးစရိတ်အပါအဝင် မြေပြင်မှာ အရေးပေါ် လိုအပ်ချက် အများအပြားရှိနေပြီး ရဲတပ်ဖွဲ့အတွက်လည်း ဖြည့်ဆည်းရန် လိုအပ်ရှိများ ရှိနေကြောင်း သိရသည်။
ပညာရေးကဏ္ဍတွင် ကလေးများ၏ သင်ကြားရေးပိုင်း အထောက်အကူပြုပစ္စည်းများ၊ ဆရာ၊ဆရာမများ၏ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက်လည်း ဘဏ္ဍာငွေ လိုအပ်နေကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် ဆေးဝါးပစ္စည်းများနှင့် ကုသရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းအင်အားများလည်း လိုအပ်နေကြောင်း သိရသည်။
ပလက်ဝချင်းတော်လှန်ရေးအင်အားစုများ၏ “အရှိန်အဟုန်မြှင့်တင် ကီမိုတခွင်” ကမ်ပိန်းတွင် ပြည်တွင်း/ပြည်ပ ပြည်သူများအားလုံးပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်ပါကြောင်း သိရသည်။