Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၃)

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၃)

0
By Editor on December 28, 2022 Featured

ရေး – ဆလိုင်းထွန်းလှကျော်

AA ပလက်ဝသို့ ဝင်ရောက်လာမှုနှင့် နောက်ဆက်တွဲဖြစ်ရပ်များ (အာဏာ မသိမ်းခင်)

စစ်ရေးလှုပ်ရှားမှုများ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း

ကချင်ပြည်နယ် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင့်တပ်တော် (AA) သည် သူ၏ အစောဆုံး စစ်ရေးလှုပ်ရှားမှုများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ AA သည် MNDAA ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ TNLA တအောင်း/ ပလောင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်အတူ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများတွင် ထင်ထင်ရှားရှား ပါဝင်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် အဆိုပါ (၃) ဖွဲ့ကို မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်များဟူ၍ လူသိများလာခဲ့ပါသည်။

ကချင်ပြည်နယ် တိုက်ပွဲများတွင်လည်း KIA နဲ့အတူ ပူးတွဲပါဝင်ခဲ့ပြီး “AA အနေဖြင့် ထိုကဲ့သို့ ပူးတွဲတိုက်ပွဲဝင်ခဲ့ခြင်းမှာ မဟာမိတ်များကို တွဲဖက် ကူညီ‌ပေး ခဲ့ခြင်းဖြစ်သလို တစ်ဘက်တွင်လည်း စစ်ရေးအတွေ့အကြုံများကို ရယူခဲ့ခြင်းဖြစ်သည်”ဟူ၍ မောင်မောင်စိုးမှ သူ့၏ တိုင်းရင်းသား လက်နက်ကိုင်များအကြောင်း တစေ့တစောင်းတွင် သုံးသပ်ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ AA တပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ကျောက်တော်နှင့် မြောက်ဦးတို့ ကဲ့သို့သော မြို့‌နယ်များ၏ တောနက်သည့် နေရာဒေသ များဆီသို့ ရောက်နှင့် နေကြပြီးဖြစ်‌လောက်သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့ပါသည်။ မတ်လထဲတွင်တော့ ပြောက်ကျား စစ်ဆင်ရေးနည်းနှင့် မြန်မာစစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုများ စတင်၍ရှိလာခဲ့သည်။ ထိတွေ့တိုက် ခိုက်မှုများမှာ အနည်းငယ်သာရှိခဲ့ပြီး ကြီးမားပြင်းထန်သည့် တိုက်ပွဲများအထိမဖြစ်ခဲ့ဘဲ နောက်ပိုင်းတွင် AA လှုပ်ရှားမှုသတင်းများ အတန်ကြာ ပျောက်ကွယ် သွားခဲ့လေသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိတွေ့ တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ ချင်းပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦးမြို့နယ်များတွင် AA နှင့် ထိတွေ့တိုက်ခိုက်မှု ၁၅ ကြိမ်ရှိခဲ့သည်ဟု မြန်မာစစ်တပ်မှ မြဝတီမှ‌နေ၍ သတင်းထုတ်ပြန်ခဲ့သည်။ ထိုနောက်ပိုင်း ၂၀၁၆/၂၀၁၇ နှစ်များ တွင် AA ၏ စစ်ရေးလှုပ်ရှားမှု အချို့ကို ရခိုင်ပြည်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် များတွင် ရံဖန်ရံခါကြားရလေ့ ရှိခဲ့ကြသည်။

၂၀၁၈ ခုနှစ်

၂၀၁၈ ခုနှစ်၊ နှစ်လယ်ခန့် ရောက်သောအခါ ပလက်ဝမြို့နယ် ရှင်းလက်ဝ တဝိုက်၌ AA တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ရောက်နှင့်နေကြပြီးလောက်ပြီဟု ခန့်မှန်းမှုများ ရှိလာခဲ့သည်။ အဓိက တိုက်ပွဲစဉ်တစ်ရပ်အနေဖြင့် AA သည် ဩဂုတ်လ (၂၉) ရက်နေ့တွင် မြန်မာစစ်တပ်ကို ပလက်ဝမြို့နယ် မြောက်ပိုင်း၌ ချုံခိုတိုက်ခိုက်မှုတစ်ခု ပြုလုပ်ကာ ပြန်လည်စတင်ခဲ့သည်။ ထိတွေ့ တိုက်ခိုက်မှုများမှာ နောက်နှစ်လခန့်အထိ တဖြည်းဖြည်း အရှိန့်မြင့်လာပြီး နိုဝင်ဘာလအစပိုင်း၌ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်အထိ ပျံ့နှံသွားခဲ့တော့သည်။

ထိုနောက်ပိုင်းများတွင် တိုက်ပွဲများ အရှိန်ပို၍မြင့်တက်လာပြီး တိုက်ပွဲဖြစ်ပွားမှု နယ်မြေများလည်း ပို၍ကျယ်ပြန့် လာခဲ့ သည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ အတွင်းရှိ စစ်တိုင်း ၅ ခု၌ အပစ်ရပ်ကြေညာခဲ့ပြီး ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်များတွင် စစ်ဆင်ရေးအရှိန်များ ပို၍မြှင့်လာခဲ့သည်။ မြန်မာစစ်တပ်မှ AA ကို အမြစ်ပြတ် ချေမှုန်းရေး အထိကြိုးပမ်းလာခဲ့ပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကာ AA စစ်စခန်းများကို အမြောက်များဖြင့် ရှင်းလင်းတိုက်ခိုက်မှုများ လုပ်လာ ခဲ့သည်။ MIPS ၏ Annual Report အရ ၂၀၁၈ ခုနှစ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ် တို့ကြား ထိတွေ့တိုက်ခိုက်မှု အကြိမ်ရေ ၅၅ ကြိမ်အထိရှိခဲ့ကာ ထိုအထဲတွင်မှ ချင်းပြည်နယ် ပလက်ဝ မြို့နယ်၌ ၂၇ ကြိမ်ဖြင့် အရေအတွက် အများဆုံး ဖြစ်ခဲ့သည်။

၂၀၁၉ ခုနှစ်

၂၀၁၉ ခုနှစ်သို့ ရောက်ရှိလာသည်နှင့် AA နှင့် ‌မြန်မာစစ်တပ်တို့အကြား ထိတွေ့တိုက်ခိုက်မှု အကြိမ်ရေ ပိုမိုများပြားလာခဲ့ရပြီး၊ တိုက်ပွဲဖြစ်ပွားမှု နယ်မြေများမှာလည်း ပို၍ကျယ်ပြန့်လာကာ ထိတွေ့တိုက်ခိုက်မှုများမှာလည်း ပိုမို၍ ကြီးမားပြင်းထန် လာခဲ့လေသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ မနက်အစောပိုင်းတွင် AA မှ ဘူးသီးတောင်မြို့နယ်ရှိ ရဲတပ်ဖွဲ့ ကင်းစခန်း (၄) ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလ (၇) ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကာ AA အား ချေမှုန်းသွားရန် သမ္မတရုံးမှ မြန်မာစစ်တပ်ကို ညွှန်ကြားမှု ပြုခဲ့သည်။ ဤသည်ကို ထိုစဉ်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်‌ဌေးမှ “ကျွန်တော်တို့ တပ်မတော်ကို ညွှန်ကြားထားတာက သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ သမ္မတရုံးအနေနဲ့ ညွှန်ကြားထား ပြီးဖြစ်ပါတယ်” ဟု ဇန်နဝါရီလ (၇) ရက်‌နေ့ ညနေပိုင်းအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုနောက်ပိုင်းတွင် မြန်မာစစ်တပ်မှလည်း AA အား ချေမှုန်းနိုင်ရန် လေကြောင်းနှင့် အမြောက် စစ်ဆင်ရေးများကို ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့သည်။

အဆိုပါ စစ်ဆင်ရေးများနှင့် ပတ်သက်၍ မြန်မာစစ်တပ်၏ ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီမှ “၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ သမ္မတရုံးမှာ ညှိနှိုင်းအစည်း အဝေး ပြုလုပ်ပါတယ်။ အဲဒီညှိနှိုင်း အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ အနေနဲ့ AA အဖွဲ့ဟာ သောင်းကျန်းသူအဖွဲ့သာ ဖြစ်တယ်။ ထိထိရောက် ရောက် ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့ပါတယ်။ အဲ့လိုမှာကြားခဲ့သလိုပဲ တကယ်လို့ မချေမှုန်းနိုင်ခဲ့လို့ရှိရင် နိုင်ငံတကာကနေ ပြီးတော့ ARSA အဖွဲ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာဟာ ဘာသာခြားမို့လား။ AA ကိုကျတော့ တိုင်းရင်းသား ဖြစ်လို့ မချေမှုန်းသလား စသဖြင့်ပေါ့။ လက်ညှိုးထိုးစရာ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခြင်းဖြစ်ပါတယ်” ဟု ဇန်နဝါရီလ ၁၈ ရက်နေ့၌ ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကားပြီး ပြောဆိုသွားခဲ့သည်။

ထိုစဉ် NLD အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှနေ၍ မေလအထိ AA နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ အကြိမ်ပေါင်း “၂၀၆” ကြိမ်အထိ ရှိခဲ့သည်ဟု သိရှိရသည်။ AA ၏ ထုတ်ပြန်ချက်အရဆိုလျှင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ရက်ပေါင်း ၁၃၀ အတွင်း၌ AA နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုမှာ “မိနစ် ၃၀ နှင့်အထက်ကြာသည့် တိုက်ပွဲပေါင်း ၁၆၀ ပွဲနှင့် မိနစ် ၃၀ အောက်ကြာသည့် တိုက်ပွဲပေါင်း ၂၀၀ ပွဲ” ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ အလားတူ မေလ (၁) ရက်မှ (၂၃)ရက်နေ့ အထိ တိုက်ပွဲကြီး/ငယ် ၄၈ ပွဲအထိ ရှိခဲ့သည်ဟုလည်း သိရှိရသည်။ တိုက်ပွဲဖြစ်ပွားမှု နယ်မြေများမှာလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် သာမက‌တော့ဘဲ “ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်တို့ထိ” ကျယ်ပြန့်သွားခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း AA နှင့် မြန်မာစစ်တပ်တို့၏ ထိတွေ့တိုက်ခိုက်မှုများမှာ ၆၅၄ ကြိမ်အထိရှိခဲ့ပြီး ထိုအထဲတွင်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း ၉၃ ကြိမ်အထိ ဖြစ်ပွားခဲ့ကြသည်ဟုလည်း MIPS ၏ Annual Report အရ သိရှိရသည်။

၂၀၂၀ ပြည့်နှစ်

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့မှနေ၍ တစ်ဖက် သတ် အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ အပစ်ရပ်ကာလမှာ ဇန်နဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၉) ရက်နေ့အထိ နှစ်လတာ ဖြစ်သည်။ ထိုထုတ်ပြန် ချက်ထဲတွင် “အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်များ ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက် နိုင်ရန်နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်များ လုံးဝချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်” ဟူ၍ ပါရှိခဲ့သည်။ မြန်မာစစ်တပ်၏ ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ “မြောက်ပိုင်း ၃ ဖွဲ့ရဲ့ အပစ်ရပ် ကြေညာချက်ဟာ အပြောနဲ့အလုပ် ညီဖို့လိုတယ်” ဟူ၍သာ တုံးတိတိ တုန့်ပြန်ခဲ့သည်။

ထို့နောက် အဆိုပါ ဇန်နဝါရီလ ၁ ရက်နေ့မှာပင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကြွယ်တောင်ရွာ အနောက်ဘက် ၄၈ ကီလိုမီတာအကွာ (ပွိုင့် ၉၀၄)ကုန်းတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု AA မှ ထုတ်ပြန် လာခဲ့ပါသည်။ တိုက်ပွဲမှာ ပလက်ဝနှင့် ရခိုင်ဒေသတို့တွင် ဆက်ရှိနေခဲ့ပြီး ဇန်နဝါရီလတွင် ၆၈ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၈၁ ကြိမ်နှင့် မတ်လတွင် ၇၈ ကြိမ်တို့ဖြင့် AA နှင့် မြန်မာစစ်တပ်တို့အကြား ထိတွေ့တိုက်ခိုက်မှု အမြင့်ဆုံးကာလများဟု ဆိုရမည် ဖြစ်ပါသည်။ AA နှင့် မြန်မာစစ်တပ်တို့သည် ရခိုင်‌ဒေသနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် နိုဝင်ဘာလ အစောပိုင်းအထိ နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့ကြသည်။

နိုဝင်ဘာလ (၁၂) နေ့တွင်မူ ရက္ခိုင့်တပ်တော်မှ NLD အစိုးရနှင့် မြန်မာစစ်တပ်တို့အား ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ဒေသရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် မေတ္တာရပ်ခံကြောင်း ကြေညာချက်တစ်ခု ထုတ်လာခဲ့ပါ သည်။ ထိုထုတ်ပြန်ချက်ထဲတွင် “ရခိုင်ပြည်၏ မြို့နယ်အများစု၌ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ ခြင်းကြောင့် ထိုဒေသရှိ ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အ ရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးခဲ့ကြရကြောင်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် လိုအပ်ကြောင်း၊ မိမိတို့အဖွဲ့လည်း နိုဝင်ဘာလ (၁၁)ရက်မှ ဒီဇင်ဘာလ (၃၁)နေ့အထိ တစ်ဖက်သတ် အပစ်ရပ် သက်တမ်းတိုးမြှင့်ခဲ့ပြီး‌ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်ကလည်း ထိုးစစ်ဆင် တိုက် ခိုက်မှုများ ရပ်တန့်ပြီး ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်မီ ကျင်းပနိုင်ရန် မေတ္တာရပ်ခံကြောင်းနှင့် မိမိတို့လည်း တည်ငြိမ်ရေးအတွက် သင့်တော်သလို ပံ့ပိုးကူညီသွားရန် ဆန္ဒရှိကြောင်း” တို့ကို ထည့်သွင်းခဲ့ကြသည်။

မြန်မာစစ်တပ်မှလည်း “AA ၏ ထုတ်ပြန်ချက်ကို ကြိုဆိုပါကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသေးသည့် နေရာများ၌ ကြားဖြတ်ရွေး ကောက်ပွဲ ပြုလုပ်နိုင်ရေးကို အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားပါမည်” ဟု နာရီပိုင်းအတွင်း ထုတ်ပြန်လာခဲ့ပါသည်။ ထိုနောက်ပိုင်း တိုက်ပွဲများ ရပ်တန့်သွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ မြန်မာစစ်တပ်၏ အပစ်ရပ်ထုတ်ပြန်ချက်‌ထဲတွင် ရခိုင်နှင့် ပလက်ဝတို့ပါ ပါဝင်လာခဲ့ကြ သည်။ AA ဘက်မှလည်း မြန်မာစစ်တပ်၏ အပစ်ရပ်ထုတ်ပြန်ချက်ကို အပြုသဘောဖြင့် ကြိုဆို ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း AA နှင့် မြန်မာစစ်တပ်တို့သည် ထိတွေ့တိုက်ခိုက်မှု ၄၇၀ ကြိမ် ဖြစ်ပွားခဲ့ကြပြီး ထိုအထဲတွင်မှ ပလက်ဝမြို့နယ်၌ ၉၄ ကြိမ်အထိ ဖြစ်ပွားခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.