(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ယနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၁၁ ရက် မနက် ၇ နာရီခန့်က ပလက်ဝမြို့အဝင် ဆိုင်းဘုတ်နားကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၁ လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး အမျိုးသမီးငယ် ၂ ဦးမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ ခူမီးလူမျိုးများဖြစ်သော ဦးကင်းနှုံ၏ သမီး အသက် ၁၃ နှစ်အရွယ်၊ ၆ တန်းကျောင်းသူ မသန္တာထိုက်နှင့် ဦးသောက်ကြာ၏ သမီး အသက် ၁၉ နှစ်အရွယ်၊ ၉ တန်းကျောင်းသူ မထွေးစိန်တို့ဖြစ်သည်ဟု ရခိုင်သတင်းဌာနတချို့မှာလည်း ရေးသားဖော်ပြထားသည်။
ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁ နာရီခန့်က အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ၊ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်း အနီးဝန်းကျင်ကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၃၀၀ ဗုံဟု ယူဆရသော ဖျက်အားပြင်း ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁၄ ဦးမှာ အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးရသည်ဟု သိရသည်။
သေဆုံးသူများတွင် အသက် ၆ နှစ်နှင့် ၉ နှစ်အရွယ် ကလေး ၂ဦး ၊ အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အို ၄ ဦးအပါအဝင် ဒေသခံပြည်သူ ၁၄ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးအထိ ရှိကြောင်း၊ အရပ်သားနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လကုန်က ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
လက်ရှိမှာ ပလက်ဝမြို့နှင့် ဆမီးမြို့တို့ကို အာရက္ခတပ်တော် ULA/ AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေကြောင်း သိရသည်။

